ယူကရိန်းအတွက် စစ်လက်နက်အကူအညီ ဒေါ်လာသန်း ၈၀၀ ထပ်တိုးပေးဖွယ်ရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်အကူအညီ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထပ်တိုးပေးမယ့်အကြောင်း ရက်ပိုင်းအတွင်း ကြေညာဖို့ ရှိနေပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လိုက်တာကြောင့် နေတိုး စစ်မဟာမိတ်အဖွဲ့ဟာ ပိုပြီး စည်းလုံးသွားတယ်လို့ သမ္မတ ဘိုင်ဒင်က ဇွန် ၃၀ ရက်မှာ ပြောပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ နေတိုးအဖွဲ့ထဲ ဝင်လာမှာကိုလည်း သမ္မတ ဘိုင်ဒင်က ကြိုဆိုလိုက်ပြီး နေတိုးအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေ ပိုင်ဆိုင်တဲ့ နယ်မြေတွေကို တလက်မမှ မဆုံးရှုံးရအောင် ကာကွယ်သွားမယ်လို့လည်း ထပ်ပြောပါတယ်။
ရုရှားက ယူကရိန်းကို စတင်တိုက်ခိုက်လိုက်တဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုဟာ ဥရောပတခွင်မှာ ရှိနေတဲ့ အမေရိကန်တပ်တွေကို အပြောင်းအရွှေ့ လုပ်နေပါတယ်။
စပိန်မှာ အမေရိကန်ရေတပ်က ဖျက်သင်္ဘော ၄ စင်း ချထားတာကို ၆ စင်းအထိ တိုးမြှင့်သွားမယ်အကြောင်း သမ္မတ ဘိုင်ဒင်က အတည်ပြုပါတယ်။
ဗြိတိန်ကို F-35 တိုက်လေယာဉ် တပ်ခွဲ ၂ ခွဲ ထပ်ပို့ပြီး ပိုလန်မှာလည်း အမေရိကန်ရဲ့ အမှတ် ၅ စစ်ဌာနချုပ် အခြေစိုက်စခန်းကို တည်ဆောက်မယ့်အကြောင်းလည်း ပြောပါတယ်။