သြစတြေးလျတွင် ရေကြီးနေသဖြင့် လူထောင်ချီ ရွှေ့ပြောင်း

သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ထဲမှာ ဇူလိုင် ၁ ရက်ကစလို့ မိုးများပြီး ရေကြီးနေတာကြောင့် လူထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေကနေရာ ပြောင်းရွှေ့ခိုင်းထားရပါတယ်။
ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ပြည်နယ်ထဲက တချို့ ဒေသတွေမှာ ရွာသွန်းတဲ့ မိုးရေချိန်ဟာ တခြားနှစ်တွေ ဇူလိုင်လမှာ ရွာတဲ့ မိုးရေချိန်ထက် အဆပေါင်းများစွာ ပိုများခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
နယူးဆောက်ဝေးပြည်နယ်ထဲမှာ ပါဝင်တဲ့ လူဦးရေ ထူထပ်ရာ ဆစ်ဒနီမြို့ရဲ့ အနောက်တောင်ပိုင်း ဂျော့စ်မြစ်မှာ မြစ်ရေလျှံနေသလို၊ အဝေးပြေးလမ်းတလျှောက် တောအုပ်တွေနဲ့ တံတား တော်တော်များလည်း ရေလွှမ်းနေပါပြီ။
မြစ်ကမ်းဘေးတလျှာက်မှာနေထိုင်သူတွေကို ရေကြီးနိုင်တဲ့အကြောင်း နှိုးဆော်ထားပြီး ဆစ်ဒနီ အနောက်တောင်ပိုင်း အနိမ့်ပိုင်းက လူထောင်ပေါင်းများစွာကို နေရာပြောင်းရွှေ့ခိုင်းထားပါတယ်။
နယူးဆောက်ဝေးတောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။
နယူးဆောက်ဝေးပြည်နယ်ထဲမှာ နောက်ထပ် တပတ်ကြာအောင် မိုးသည်းထန်တာ၊ လေပြင်းတိုက်တာနဲ့ တခြားအစွန်းရောက်ရာသီဥတုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။