close

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များအတွက် တာခ်ရိုင်မှူးကွင်းဆင်း ကူညီပေး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသမှာ ဥကရစ်ထစခန်းတိုက်ပွဲကြောင့် ထိုင်းဘက်ကိုထွက်ပြေးလာတဲ့  မြန်မာစစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးတဲ့အတွက် ထိုင်းနိုင်ငံ တာခ်ရိုင်မှူးနဲ့အဖွဲ့က စစ်ရှောင်တွေရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးတွေကို ဇူလိုင် ၄ ရက်က ကွင်းဆင်းကူညီ ဆောင်ရွက်ပေးနေပါတယ်။

ဇွန် ၂၆  ရက်ကစတင်တဲ့  စစ်ကောင်စီတပ်နဲ့ KNDO ပူးပေါင်းအဖွဲ့တွေတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဝေါလေရွာနဲ့ မော်လီချိုင်းရွာတွေရှိ   ၃ နေရာကို ယာယီစခန်းအဖြစ်ထားရှိပြီး စစ်ဘေးရှောင်  ၃၀၀ ကျော်လောက် ခိုလှုံနေတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေအပြင် ကလေးငယ်တွေအတွက်လည်း မုန့်နဲ့ နို့ဘူးတွေ သီးခြားဝယ်ယူ လှူဒါန်းပေးထားတာ တွေ့ရပါတယ်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ထိုင်းနိုင်ငံ ဝေါလေဘက်မှာလည်း အိမ်စီး ကားတစီး ပျက်စီးသွားသလို မော်လီချိုင်းရွာဘက်မှာလည်း ထိုင်းပြည်သူ နေအိမ် နှစ်လုံးနဲ့ နယ်မြေဒေသဖွံ့ဖြိုးရေးရုံးလည်း အနည်းငယ် ပျက်စီးသွားတယ်လို့ နယ်စပ်နေ ထိုင်းပြည်သူတယောက်က ပြောပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ထိုင်းနယ်စပ် တလျှောက်မှာ ထိုင်းဘက်က လုံခြုံရေးတင်းကျပ်ထားပါတယ်။

//
Up