close

တင်သားကျေးရွာက ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ စစ်ဘေးရှောင် အမျိုးသမီးတယောက်ကို ဇူလိုင် ၄ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတဦး‌က ပြောပါတယ်။

ဖမ်းဆီးခံအမျိုးသမီးဟာ ကလေးမြို့နယ် တင်သားကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်စစ်တိုဖြစ်ပြီး PDF ကို ထောက်ပံ့မှုနဲ့ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မေလနှောင်းပိုင်းကလည်း ကလေးမြို့နယ် တင်သားကျေးရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်စဉ်က အခုဖမ်းဆီးခံရတဲ့ ဒေါ်စစ်တိုရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဇူလိုင် ၁ ရက်ကလည်း ကလေးမြို့ပေါ်မှာ ကလေးမြို့နဲ့ တင်သားကျေးရွာကို ပြေးဆွဲနေတဲ့ ကိုဇော်မင်းသန်းနဲ့ မနုနုဝေတို့ ဇနီးမောင်နှံကို စစ်ကောင်စီတပ်တွေက PDF ကို ထောက်ပံ့မှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့ မနုနုဝေဟာ စစ်ကောင်စီတပ်တွေက စစ်ကြောရေးမှာ ရိုက်နှက်တာကြောင့် ကိုယ်ဝန်ပျက်ကျကာ ဆေးရုံတင်ထားရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တင်သားရွာဒေသခံတယောက်က “မနာလို အကောက်ကြံ သတင်းပေးတဲ့သူတွေရှိလို့ ဖမ်းဆီးခံရတာ၊ ဖမ်းခံရတဲ့သူတွေက ဘယ်အဖွဲ့အစည်းမှ ပါဝင်ခြင်းမရှိသလို ဘယ်သူ့ကိုမှ ထောက်ပံ့ခြင်းလည်း မရှိဘူး” လို့ ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ် တင်သားကျေးရွာမှာ မှန်တောကျေးရွာ CDM ကျောင်းအုပ်ဆရာကြီး ဦးကျော်မင်းနိုင် အပါအဝင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံထားရသူ ၃၀ ဝန်းကျင်ရှိပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူ ၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

//
Up