ကမ္ဘာ့အကြီးဆုံး ကြာလင်ပန်း

ကမ္ဘာ့အကြီးဆုံး ကြာလင်ပန်း မျိုးစိတ်ကို သိပ္ပံပညာရှင်တွေက ခွဲခြား ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရွက်တွေက အကျယ် ၃ မီတာကျော် ကြီးပြီး အနည်းဆုံး လူနှစ်ဦးရဲ့ အလေးချိန်ကို ထောက်ပံ့ပေးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ကြာလင်ပန်းမျိုးစိတ်တွေကို သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ပါတယ်။
ဗြိတိန်ဘုရင်မ ဗစ်တိုးရီးယားကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဝိတိုရိယမျိုးစိတ်ထဲက တတိယမျိုးစိတ်တခုကို တော်ဝင် ရုက္ခဗေဒဥယျာဉ် Kew က သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ Frontiers in Plant Science လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဘိုလီးဗီးယားနိုင်ငံ ဘေနီပြည်နယ်က ရေနေဂေဟစနစ်တွေမှာပေါက်တဲ့ ကြာပင်တွေရဲ့ ပင်ကိုသဘောနဲ့ ဘိုလီးဗီးယား မိတ်ဖက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကြာလင်ပန်း မျိုးစိတ်ကို ဗစ်တိုးရီးယား ဘိုလီဗီယားနားလို့ နာမည်ပေးထားပါတယ်။
"ဒါဟာ အလွန်နာမည်ကြီးပြီး အထင်ကရအပင် တမျိုးဖြစ်တဲ့ ဗစ်တိုးရီးယားမျိုးစိတ်ရဲ့ မျိုးစိတ်သစ်တမျိုးဖြစ်ပါတယ်၊ ဒါဟာ ကမ္ဘာ့ရုက္ခဗေဒဆိုင်ရာ အံ့ဖွယ်တွေထဲက တခုပါပဲ" လို့ သိပ္ပံနှင့် ရုက္ခဗေဒဆိုင်ရာ သုတေသနပညာရှင် ကားလော့စ် မဂ်ဒါလေနာက ပြောပါတယ်။
ရုက္ခဗေဒရှာဖွေတွေ့ရှိမှုဟာ တော်ဝင်ရုက္ခဗေဒဥယျာဉ်ရဲ့ သစ်ပင်မျိုးစိတ် သိပ္ပံမော်ကွန်းပြတိုက်ထဲမှာ ၁၇၇ နှစ်ကြာနဲ့ ဘိုလီးဗီးယား အမျိုးသား သစ်ပင်မော်ကွန်းပြတိုက်တို့မှာ ၃၄ နှစ်ကြာ သိပ္ပံနည်းကျ အသစ်ခွဲခြမ်းစိတ်ဖြာအပြီးမှာ ထွက်ပေါ်လာတာပါ။
မကြာသေးမီအချိန်အထိ ဒီကြာလင်ပန်းတွေဟာ အရင်က သိထားတဲ့ ဧရာမ ကြာလင်ပန်း မျိုးစိတ် နှစ်ခုထဲက တခုဖြစ်တဲ့ ဗစ်တိုးရီးယား အမေဇိုးနီးကား မျိုးစိတ်လို့ ယူဆခဲ့ကြပေမယ့် မှားယွင်းသတ်မှတ်ခံခဲ့ရတာလို့ ကားလော့စ် မဂ်ဒါလေနာက ပြောပါတယ်။
မျိုးရိုးဗီဇဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရာမှာ သိပ္ပံပညာရှင်တွေရဲ့ သံသယကို အတည်ပြုခဲ့ပါတယ်. တကယ်တမ်းမှာ ကြာလင်ပန်းတွေဟာ ဗစ်တိုးရီးယား အမေဇိုးနီးကား၊ ဗစ်တိုးရီးယား ခရူဇီယားနားနဲ့ ဗစ်တိုးရီးယား ဘိုလီဗီယားနားဆိုတဲ့ မျိုးစိတ်သုံးမျိုး ရှိနေပါတယ်။ မျိုးစိတ်သစ်ဟာ ဗစ်တိုးရီးယား ခရူဇီယားနားနဲ့ အနီးစပ်ဆုံး ဆက်စပ်နေတယ်လို့ ယုံကြည်ကြပြီး လွန်ခဲ့သော နှစ် ၁ သန်းလောက်က သူတို့ဟာ မျိုးချင်း ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
အဖြူရောင်ကနေ ပန်းရောင်ကို ပြောင်းတဲ့ ကြာပန်းတွေနဲ့အတူ ဗစ်တိုးရီးယား ဘိုလီဗီယားနားဟာ ခုတော့ ကမ္ဘာ့အကြီးဆုံး ကြာလင်ပန်း ဖြစ်နေပါပြီ။ အရွက်တွေက ၃ မီတာထက် ပိုကြီးထွားတဲ့အပြင် အလေးချိန်ကို အလွန်အမင်းကို ထောက်ပံ့ပေးနိုင်ပါတယ်။