close

ရာသီကြိုခရီးစဉ်တွင် ပြင်းထန်သည့် အပြေးလေ့ကျင့်ခန်းများ စပါးအသင်း လုပ်ဆောင်

ပရီးမီးယားလိပ်ကလပ် စပါးအသင်းဟာ ရာသီကြိုခြေစမ်းခရီးစဉ်မှာ ပြင်းထန်တဲ့ အပြေးလေ့ကျင့်ခန်းများပါ ထည့်သွင်း လုပ်ဆောင်စေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ K-League All Atars အသင်းနဲ့ ခြေစမ်းကစားဖို့ ရောက်ရှိနေတဲ့ စပါးအသင်းဟာ ဇူလိုင် ၁၁ ရက်က ဆိုးလ်မြို့ရှိ ကမ္ဘာ့ဖလားကွင်းမှာ လေ့ကျင့်ခန်း နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စပါးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေဟာ တချိန်ကို  ၂ နာရီကြာမြင့်ပြီး ကိုရီးယားပရိသတ် ၆၀၀၀ လာရောက်ကြည့်ရှုခဲ့ပါတယ်။

နည်းပြကွန်တီနဲ့ ကြံ့ခိုင်ရေးနည်းပြတို့ဟာ လေ့ကျင့်ရေးအစမှာ သွေးပူလေ့ကျင့်ခန်းတချို့နဲ့ နှစ်ဖက် ခွဲကာယှဉ်ပြိုင်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကွင်းရဲ့အလျားအတိုင်း ဟိုဘက်ဂိုးပေါက်နဲ့ ဒီဘက် ဂိုးပေါက်ကို ၄၂ ကြိမ်အထိပြေးရပြီး နောက်ကျမှပူးပေါင်းတဲ့ ကစားသမားတချို့က အကြိမ် ၃၀ ပြေးရပါတယ်။

အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ဟာ နောက်ဆုံးအကြိမ်ပြေးခဲ့ပြီးနောက်မှာ ဟန်မဆောင်နိုင်လောက်အောင် ခြေကုန်လက်ပန်းကျသွားခဲ့ရတဲ့အထိ လေ့ကျင့်ရေး ပြင်းထန်ခဲ့တာပါ။

ကူလူစက်စကီးနဲ့ တန်ဂန်ဂါတို့  နှစ်ဦးကတော့ ဒဏ်ရာပြဿနာတွေကြောင့် အချိန်ပြည့် လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ကြပါဘူး။

စပါးအသင်းဟာ ဇူလိုင် ၁၆ ရက်မှာ ဆီဗီလာနဲ့ တောင်ကိုရီးယားမှာပဲခြေစမ်းကစားမှာ ဖြစ်ပြီး ဇူလိုင်၂၃ ရက်မှာ ရိန်းဂျားအသင်းနဲ့ စကော့တလန်မှာ ခြေစမ်းကစားမှာဖြစ်ပါတယ်။

//
Up