ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယားကို ယူ-၁၈ လူငယ်အသင်းနည်းပြချုပ်အဖြစ် အာဆင်နယ် ခန့်အပ်

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူဟောင်း ဂျက်ဝဲလ်ရှိုင်းယားကို ယူ-၁၈ လူငယ်အသင်းရဲ့ နည်းပြချုပ် အဖြစ်ခန့်အပ်လိုက်ပါတယ်။
ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းမှာ ၁၇ နှစ်ကြာကစားခဲ့ပြီးနောက် ဝက်စ်ဟမ်း၊ ဘုန်းမောက်နဲ့ ဂရိကလပ် AGF အသင်းမှာ နောက်ဆုံးကစားခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသက် ၃ဝ အရွယ်နဲ့ ကစားသမားဘဝကနေ အနားယူခဲ့ရပြီးနောက်ပိုင်းမှာ အာဆင်နယ်က ယူ-၁၈ အသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့တာပါ။
လူငယ်တွေကို ပြုစုပျိုးထောင်ပြီး ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ အကောင်းဆုံးဖြစ်အောင် ကူညီပေးသွားမယ်လို့ ဝဲလ်ရှိုင်းယားက ပြောပါတယ်။
ဝဲလ်ရှိုင်းယာက"နည်းပြတစ်ဦးအနေနဲ့ တာဝန်ယူခွင့်ရတာဟာ ဂုဏ်ယူစရာအလွန်ကောင်းပါတယ်။ ဒီအသင်းကို ကျနော် ဘယ်လောက်အထိ ချစ်မြတ်နိုးသလဲဆိုတာ လျှို့ဝှက်နေစရာ မရှိပါဘူး။ ကျနော်ရဲ့ရပ်တည်မှုနဲ့ ကျနော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ ဘဝရဲ့ အကောင်းဆုံးနေ့ရက်တချို့ကို ဒီအကယ်ဒမီမှာ ကုန်ဆုံးခဲ့တာဟာ နှစ်သက်စရာကောင်းပါတယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်ပြီး ကျနော် အဆင်သင့်ဖြစ်နေပါပြီ။ ကျနော် ဆာလောင်နေပြီး ဒီလူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပြီးကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ မစောင့်နိုင်တော့ပါဘူး"လို့ ပြောပါတယ်။
ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်အတွက် စိတ်အားထက်သန်မှုတွေရှိပြီး အကယ်ဒမီကနေတဆင့် အသင်းကြီးဆီကို ဘယ်လို တက်လှမ်းရမလဲဆိုတာ သိရှိသူဖြစ်ကြောင်း အကယ်ဒမီနည်းပြချုပ် မာတီဆက်ကာက ချီးကျူးခဲ့ပါတယ်။