close

ထိုင်းတွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာသဖြင့် နှာခေါင်းစည်း ဆက်လက်တပ်ဆင်ကြရန် သတိပေး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားသင့်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို လူတိုင်း အပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ် တပ်လိုက တပ်ဆင်နိုင်ကြောင်း ခွင့်ပြုထားတာပါ။

ကိုဗစ်-၁၉ အခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ် ဗီဆနူရိုသင်က “ကာလရှည် အားလပ်ရက်တွေအတွင်း ပြည်သူတွေဟာ တနေရာကတနေရာ ဆွေမျိုးတွေဆီ အလည်ပြန်တာ၊ လူနေထူထပ်တဲ့ နေရာတွေကို လည်ပတ်သွားလာတာတွေကြောင့် မြို့ကြီးတွေကနေ တခြားခရိုင်တွေထိ ရောဂါကူးစက်ပျံ့နှံ့နိုင်တယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၇၉၅ ယောက်နဲ့ သေဆုံးသူ ၂၃ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်း သက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ အယောက် ၁,၉၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ ထဝီဆစ်လ်ပ်က “သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ထပ်ဆောင်း Booster ကာကွယ်ဆေး မထိုးနှံရသေးသူတွေအနေနဲ့ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာတွေ၊ လူစုလူဝေးတွေကြားထဲ သွားလာချိန်မှာ တချိန်လုံး နှာခေါင်းစည်း တပ်ဆင်ထားသင့်တယ်။ နှာခေါင်းစည်းဆိုတာ ကိုဗစ်-၁၉ ကိုသာမက တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ လေထုထဲက အညစ်အကြေးတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၅ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၃ သန်းကျော်ကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၀,၉၅၈ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၉,၂၆၀ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီး နိုင်ငံတကာလေဆိပ်တွေမှာလည်း Test & Go စနစ်ကို ဖျက်သိမ်းလိုက်ကာ ဝင်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင်ဘာလကုန်ထိ ၂ လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

//
Up