close

ထိုင်းတွင် မိခင်အရင်းက ၉ နှစ်အရွယ်သမီးအား ပြည့်တန်ဆာလုပ်ခိုင်းပြီး ဗွီဒီယိုရိုက် ရောင်းစား

ထိုင်းနိုင်ငံမှာ ၉ နှစ်ရွယ် သမီးဖြစ်သူကို ပြည့်တန်ဆာလုပ်ခိုင်းပြီး ဗွီဒီယိုရိုက် ရောင်းစားတဲ့ အမျိုးသမီး ၁ ဦးကို ထိုင်းရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးလိုက်ပါတယ်။

ဒီမတိုင်ခင်က ၉ နှစ်ရွယ် မိန်းကလေးငယ်တဦး မဖွယ်မရာအကျင့်ခံနေရတဲ့ ဗွီဒီယိုပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပြီး အဆိုပါကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းကာ ထိုင်းအလယ်ပိုင်း ဆလာပူရီခရိုင်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ဝယ်ယူသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးထားကြောင်း ဆလာပူရီခရိုင်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ သတင်းစာရှင်းခဲ့ပါတယ်။

မိခင်ဖြစ်သူမှာ အလုပ်လက်မဲ့၊ ငွေကြေးအကျပ်အတည်းကြောင့် အဆိုပါလုပ်ရပ်ကို ကျူးလွန်ရတာလို့ ဝန်ခံထားပြီး မဖွယ်မရာဗွီဒီယိုကလစ် ရိုက်ကူးသူကတော့ တရားခံ ၃ ယောက်လုံးက တယောက်ကိုတယောက် လွှဲချနေကြတယ်လို့ ခရိုင်ရဲမှူးကြီး ကျီရဖို့ ဖူရိဒေ့ချ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကြောရေး ဆက်လုပ်ရာမှာတော့ အမျိုးသမီးဟာ ဒီမတိုင်ခင်က သူမရဲ့ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုပုံတွေကို လျှို့ဝှက်အဖွဲ့ထဲမှာ ရောင်းချခဲ့ကြောင်း၊ နောက်ပိုင်း သူ့ပုံတွေ ရောင်းမရတော့ဘဲ ဗွီဒီယိုထဲမှာတွေ့တဲ့ သူ့သမီးကို လူ ၁ ယောက်က ဘတ် ၅,၀၀၀ နဲ့ ဝယ်ချင်တယ်လို့ ဖေ့စ်ဘွတ်ခ်ထဲကနေ ပြောတာကြောင့် နခွန်းပထုံခရိုင်မှာ သွားရောင်းခဲ့ကြောင်း၊ ဗွီဒီယိုကိုလည်း အမေကိုယ်တိုင် ခုတင်ဘေးကနေရပ်ပြီး ရိုက်ကူးခဲ့ကြောင်း ဝန်ခံတယ်လို့ ဆိုပါတယ်။

သူမမှာ အရင်ယောကျ်ားနဲ့ သမီးမိန်းကလေး ၂ ယောက်ရကာ ပြည့်တန်ဆာလုပ်ခံရသူက သမီးအကြီးဖြစ်ပြီး ပထွေးနဲ့ နေနေတာလို့ ဆိုပါတယ်။

ပထွေးဖြစ်သူကတော့ သူ့မိန်းမ အဲလိုလုပ်တာကို မသိကြောင်း၊ နခွန်းပထုန်ကို လိုက်ပို့ပေးဖို့ ပူဆာပြီး ဟိုရောက်တော့ သမီးအငယ်ကို ပထွေးနဲ့ ခဏထားခဲ့ကာ သမီးကြီးနဲ့ အပြင်သွားမယ်ဆိုပြီး ဟိုတယ်တခုမှာ သွားရောင်းတာလို့ ဆိုပါတယ်။

ပထွေးက သူ့မိန်းမရဲ့လုပ်ရပ်တွေကို ရှုတ်ချကြောင်း၊ ကလေး ၂ ယောက်ဟာ သမီးရင်းမဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာလို့ သမီးရင်းလို သံယောဇဉ်ရှိကြောင်း၊ သူ့အမေထောင်ကျရင် ကလေး ၂ ယောက်ကို ကောင်းကောင်းပြုစု စောင့်ရှောက်သွားမယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေကတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ပြန်လည်ကုစားရမှာမို့ လူမှုကယ်ဆယ်ရေးဂေဟာမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားမယ်လို့  ပြောသွားပါတယ်။

//
Up