close

ပုလောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့် အကူအညီလိုအပ်နေ

ပုလောမြို့နယ် စစ်ဘေးရှောင်စခန်း မြင်ကွင်းတခု

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်အတွင်းမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ  ၂၀၀၀ လောက် စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ပုလောမြို့နယ် မော်မိ၊ နန်းတောင်၊  ကျောင်းနိမ့်၊ ပိန္နဲတောင်၊ မီကျောင်းသိုက်၊ ဆားခဲ၊  ပဝတ်ဖျား၊ ကဒဲ အစရှိတဲ့ ကျေးရွာက လူထုတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒီကနေ့အချိန်အထိလည်း စစ်ရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ အမိုးအကာနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာနဲ့ စားဖို့အတွက်အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူ တဦးက ပြောပါတယ်။

“အခုချိန်က မိုးတွင်းဆိုတော့ သူတို့ မလုံမခြုံတောဖြစ်နေကြတာပေါ့။ လိုအပ်ချက်ကတော့ ဆေးဝါးရယ်၊ ရိက္ခာ၊ စားနပ်ရိက္ခာတွေကတော့ လိုအပ်တာပေါ့။ အန်ယူဂျီကလည်း ရသလောက် ထောက်ပံ့နေတယ်လို့တော့ သိရတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကစပြီး ပုလောမြို့မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေစိပ်လာက တိုက်ပွဲတွေ  ရက်ဆက် ဖြစ်လာတာကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အဆိုပါဒေသမှာ အခုလက်ရှိအချိန်ထိ  စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အား ဖြည့်တင်းတာတွေလည်း ရှိနေပါတယ်။

အလားတူ တောင်ပျောက်တိုက်နယ်မှာလည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ရှိနေပါတယ်။

//
Up