နည်းပြတန်ဟတ်ဂ်လက်ထက် အသင်းခြေစွမ်းတိုးတက်လာကြောင်း လုခ်ရှော ပြော

နည်းပြသစ် တန်ဟတ်ဂ်လက်ထက်မှာ မန်ယူအသင်းရဲ့ ခြေစွမ်းတိုးတက်လာတယ်လို့ နောက်ခံလူ လုခ်ရှောက ပြောပါတယ်။
မန်ယူအသင်းဟာ လီဗာပူး၊ မဲလ်ဘုန်းဗစ်ထရီအသင်းတွေနဲ့ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကစား ထားရာမှာ ၂ ပွဲလုံး ဂိုးပြတ်တွေနဲ့ အနိုင်ရထားတာပါ။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်စတင်ပြီး အသင်းရဲ့ခြေစွမ်းဟာ လေ့ကျင့်ရေးကွင်းမှာတင်မဟုတ်ဘဲ အမှန်တကယ်ခြေစွမ်း တိုးတက်လာတယ်ဆိုတာ ခြေစမ်းပွဲ ၂ ပွဲမှာ တွေ့မြင်နိုင်ကြောင်း လုခ်ရှောက ပြောပါတယ်။
“နည်းပြက အသင်းရဲ့လိုအပ်ချက်ကို သိတယ်။ သူ့မှာ ကိုယ်ပိုင်ကစားဟန်လည်းရှိပြီး ကစားသမားတွေအားလုံးကို ဘယ်လိုမျိုး စီမံခန့်ခွဲရမလဲဆိုတာကိုလည်းသိတယ်။ ကျနော်တို့ဆီကနေ ခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထပ်လာဦးမှာဖြစ်ပြီး လက်ရှိခြေစွမ်းက အစပဲရှိပါသေးတယ်” လို့ အသင်းရဲ့တရားဝင် ဝက်ဘ်ဆိုဒ်မှာ လုခ်ရှောက ပြောပါတယ်။
အင်္ဂလန်ဘယ်နောက်ခံလူဟာ မနှစ်တုန်းက ဒဏ်ရာပြဿနာ တွေကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းရဲ့လိဂ်ပွဲစဉ် ၂ဝ ပွဲပဲ ကစားခွင့်ရရှိခဲ့ပါတယ်။