ဓာတ်ဆီဈေး တဂါလန် ၄ ဒေါ်လာအောက် ကျဆင်းရန် မျှော်လင့်ဟု အိမ်ဖြူတော် စီးပွားရေးအကြံပေးပြော

အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ စီးပွားရေးအကြံပေး ဂျရဒ် ဘန်းစတိန်းက လာမယ့် သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း တချို့နေရာတွေမှာ ဓာတ်ဆီတဂါလန်လျှင် ပျမ်းမျှ ဓာတ်ဆီဈေး ၄ ဒေါ်လာအောက် ကျဆင်း လာဖို့မျှော်လင့်ထားတယ်လို့ ဇူလိုင် ၁၈ ရက်က ပြောလိုက်ပါတယ်။
"သွင်းအားစုကုန်ကျစရိတ် သက်သာတာကြောင့် ဓာတ်ဆီစျေးနှုန်းကို လျှော့ချဖို့ နောက်ထပ် ဓာတ်ဆီဆိုင်တွေ မျှော်လင့်တာက ကျိုးကြောင်းဆီလျော် တယ်လို့ ကျနော်တို့ ထင်ပါတယ်" လို့ ဘန်းစတိန်း က ပြောခဲ့ပါတယ်။
အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ တဂါလန် ၅ ဒေါ်လာကျော်ကျော်ထိ ဓာတ်ဆီ စျေးတက် သွားပြီးတဲ့နောက် လာမယ့်သီတင်းပတ် နည်းနည်းအတွင်း ဓာတ်ဆီစျေး ဆက်ကျမယ့် လမ်းကြောင်းပေါ် ရောက်နေသလို အမေရိကန်စားသုံးသူတွေဟာ ကမ္ဘာပေါ်မှာ လောင်စာ အများဆုံး သုံးစွဲသူတွေလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
လောင်စာစျေးနှုန်း ကြီးမြင့်နေပြီး အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းနေတဲ့အပြင် တခြား နေရာတွေမှာ လောင်စာဆီ ပိုဈေးကြီးလာတာကြောင့် ကမ္ဘာ့လောင်စာဆီဝယ်လိုအားက ကျဆင်းနေပါတယ်။
ဓာတ်ဆီ၊ လေယာဉ်ဆီနဲ့ ဒီဇယ်ဆီ ဝယ်လိုအားကလဲ ကပ်ရောဂါမစတင်မီ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ကျော်ကျဆင်းခဲ့တယ်လို့ စွမ်းအင်သတင်း အချက်အလက် စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။
ဓာတ်ဆီဆိုင်တွေကလည်း စျေးပြန်ချပေးပြီး တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတဝန်း ပြည်နယ် ၄၆ ခုနဲ့ ကိုလံဘီယာခရိုင်တွေမှာ ဓာတ်ဆီစျေး ကျလာနေပါတယ်။
ပြီးခဲ့တဲ့လက အင်ဒီယားနားပြည်နယ်မှာ ၅၂ ဆင့်နဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ၅၁ ဆင့် စျေးကျခဲ့ လို့ နိုင်ငံ အနောက်အလယ်ပိုင်းမှာ ဓာတ်ဆီဟာ အသိသာဆုံး စျေးကျခဲ့ပါတယ်။