ပဲလေ့စ်နှင့် ခြေစမ်းပွဲတွင် မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားကို ပရိသတ်များလှောင်ပြောင်

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သြစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာကစားခဲ့တဲ့ခြေစမ်းပွဲမှာ မန်ယူအသင်း ခေါင်းဆောင် မက်ဂွဲယားကို ပရိသတ်တွေကလှောင်ပြောင်ခဲ့ကြပါတယ်။
ပွဲအစပိုင်းမှာ မက်ဂွဲယား ဘောလုံးထိတိုင်းမှာ ပွဲကြည့်စင်က မန်ယူပရိသတ်တွေက အော်ဟစ် လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အဲဒီခြေစမ်းပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
လှောင်ပြောင်ခံခဲ့ရတဲ့ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ မက်ဂွဲယားကို အော်ဟစ်နေတဲ့အသံတွေကို ကြားမိကြောင်း ဝန်ခံခဲ့ပေမဲ့ မက်ဂွဲယားဟာ တိုက်ရည်ခိုက်ရည်စိတ်ရှိပြီး ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။
နည်းပြအဲရစ်တန်ဟတ်ဂ်ကလည်း မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်မှာဖြစ် ကြောင်း အတည်ပြုထားပါတယ်။