ခရစ်ယာန်ဘုရားကျောင်းများ၌ ကလေးများ စော်ကားခံခဲ့ရမှုအတွက် ပုပ် ဖရန့်စစ်တောင်းပန်

ခရစ္စယာန် ဘုရားကျောင်းတွေက ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ ဌာနေတိုင်းရင်းသား ကလေးငယ်တွေ အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ အဖြစ်အပျက်တွေအတွက် ကနေဒါမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းဖရန့်စစ်က ဇူလိုင် ၂၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။
ဒီလုပ်ရပ်တွေဟာ မကောင်းမှု၊ ကြီးမားတဲ့ အကုသိုလ်အမှုတွေ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းက ခေါ်ဝေါ သုံးစွဲပါတယ်။
ကနေဒါအနောက်ပိုင်း အယ်ဘတ္တာ ပြည်နယ်ထဲက မက်ခ်ဝါစစ် မြို့အနီးက ကျောင်းဟောင်းနေရာ ၂ ခုအနီးမှာ ပုပ်ရဟန်းမင်း မိန့်ခွန်း ပြောကြားရာမှာ အတိတ်က ဒီအဖြစ်အပျက်တွေဟာ ခရစ်ယာန်ဘုရားကျောင်းအတွက် အရှက်ရစရာဖြစ်ပြီး ဌာနတိုင်းရင်းသားတွေအပေါ် ခရစ်ယာန်တွေက မှားခဲ့တဲ့အမှားအတွက် လေးလေးနက်နက် တောင်းပန်တဲ့အကြောင်း ပြောသွားပါတယ်။
သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်မင်းဟာ သူ့ ကတိအတိုင်း ကနေဒါကို သံဝေဂခရီးအဖြစ် တပတ်ကြာ ရောက်နေတာပါ။
ဒီနှစ်ဆန်းပိုင်းမှာ ကနေဒါက ဌာနတိုင်းရင်းသားတွေ ခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဗာတီကန်ကို သွားရောက်ခဲ့စဉ်မှာ ပုပ်ရဟန်းမင်းက ခရစ်ယာဉ် ဘုရားကျောင်းတွေကိုယ်စား ကနဦး တောင်းပန်ခဲ့သလို သူကိုယ်တိုင် ကနေဒါအထိ သွားပြီး တောင်းပန်ဖို့ အစီအစဉ်ကိုလည်း ကတိစကား ရှိခဲ့ပါတယ်။
“ဒီကို တောင်းပန်ဖို့ အရောက်လာခဲ့တာပါ။ အတိတ်မှာ ဖြစ်ခဲ့တာတွေအတွက် ကိုယ်တော် အလွန် ဝမ်းနည်းရပြီး ခွင့်လွှတ်ပေးဖို့ကို ထပ်ပြီး တောင်းပန်ပါတယ်”လို့ ပုပ်ရဟန်းမင်းက မိန့်ကြားပါတယ်။
၁၈၈၁ ခုနှစ်နေ ၁၉၉၆ ကာလအတွင်း ဌာနေတိုင်းရင်းသား ကလေးငယ် ၁ သိန်းခွဲကျော်ဟာ မိဘရင်ခွင်ကနေ ခွဲထုတ်ပြီး ဘုရားကျောင်းတွေက ဖွင့်ထားတဲ့ ကျောင်းတွေကို အပို့ခံခဲ့ရပါတယ်။
ကျောင်းအိပ်ကျောင်းစား ကလေးငယ်တွေဟာ အစာရေစာ ၀၀ လင်လင် မစားရ၊ ရိုက်နှက်ခံရ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကို ယဉ်ကျေးမှုဆိုင်ရာ ဖျက်ဆီး အစပျောက်မှု "cultural genocide လို့ ကနေဒါရဲ့ အမှန်တရားနဲ့ တရားမျှတမှု ကော်မရှင်က ခေါ်ဝေါသုံးစွဲပါတယ်။
ပုပ်ရဟန်းမင်းဟာ ကနေဒါကို ရောက်ရောက်ချင်း ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာပွဲတော်ကို ချီးမြှင့်ပေးခဲ့သလို ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ ပုပ်ရဲ့ ကနေဒါ ခရီးစဉ်ဟာ ဇူလိုင် ၂၉ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။