close

နိုင်ငံရေးသမား ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းပြန်မပေးတာဟာ အကျဉ်းထောင်၏ လုပ်ပိုင်ခွင့်ဖြစ်ဟု စစ်ကောင်စီပြော

နိုင်ငံရေးသမား ၄ ဦးကို  ကြိုးပေးသတ်ဖြတ်ပြီး  ရုပ်အလောင်းပြန်မပေးတာဟာ အကျဉ်းထောင်ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရတို့ကို စစ်ကောင်စီက အင်းစိန်ထောင်ထဲမှာ ပြစ်ဒဏ်စီရင်ခဲ့တယ်လို့ စစ်ကောင်စီက  ဇူလိုင် ၂၅ ရက်နေ့မှာ သတင်းစာကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မိသားစုဝင်တွေက အကျဉ်းထောင်မှာ ရုပ်အလောင်းသွားတောင်းတဲ့အချိန်မှာ အကျဉ်းထောင်က ပြန်မပေးနိုင်တာနဲ့ ပတ်သက်ပြီး ဒါဟာ အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ လုပ်ပိုင်ခွင့်သာဖြစ်တယ် လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ရုပ်အလောင်းပြန်ပေးခြင်း မပေးခြင်းက ထောင်မှူးရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ အဲဒီထဲမှာ ပါပြီးသားပဲ။ အဓိကရုဏ်း တခုခုပဲဖြစ်ဖြစ်၊ ဆန္ဒပြမှုပဲဖြစ်ဖြစ် ဖြစ်ပေါ်လာနိုင်ရင် အကျဉ်းထောင်ရဲ့ စီရင်မှုအောက်မှာ သင်္ဂြိုဟ်ခွင့်ရှိတယ်” လို့ ပြောဆိုခဲ့တာပါ။

အဓိကရုဏ်းနဲ့ ဆန္ဒပြမှုတွေ  အကျဉ်းထောင်ထဲမှာ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီ ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့တာ မရှိပါဘူး။ 

စစ်ကောင်စီက သေဒဏ် စီရင်ပြီးဖြစ်တယ်လို့ ထုတ်ပြန်တဲ့ ဇူလိုင် ၂၅ ရက်မှာ မိသားစုဝင်တွေက အကျဉ်းထောင်တာဝန်ရှိသူတွေထံ သွားရောက်ပြီး ရုပ်အလောင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ရုပ်အလောင်းကို ပြန်ထုတ်မပေးနိုင်သလို စနေနေနဲ့ တနင်္ဂနွေနေ့ တရက်ရက်ကိုသာ ရည်စူးပြီး နာရေးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ပြောပါတယ်။

ဥပဒေပညာရှင် ဝါရင့်တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့်ကတော့  နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာဟာ  လူသတ်မှုပဲဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်ပြီး ၁ ခွဲကျော်ကာလမှာ စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ဦးထိ ရှိနေတယ်လို့ ဆိုပါတယ်။

//
Up