close

ထိုင်းတွင် အာဂျီနိုမိုတို ဟင်းချိုမှုန့်အတု ပြုလုပ်သည့်နေရာ ၃ ခုကို ဝင်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီခရိုင်ထဲမှာ အာဂျီနိုမိုတိုတံဆိပ်အတုနဲ့ ဟင်းချိုမှုန့်တွေ ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ နေရာ ၃ နေရာကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွါးရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က  ဇူလိုင် ၂၇ မှာ သတင်းထုတ်ပြန်ပါတယ်။ 

ဒီမတိုင်ခင်က ပထုန်ဌာနီခရိုင်ထဲမှာ အာဂျီနိုမိုတိုဟင်းချိုမှုန့်အတုတွေ ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း   ထိုင်းနိုင်ငံရှိ အာဂျီနိုမိုတိုကုမ္ပဏီခွဲက တိုင်ကြားထားတာကြောင့် စုံစမ်းမှုတွေပြုလုပ်ပြီး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ CIB တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

စစ်ဆေးချက်အရ ပထုန်ဌာနီခရိုင်၊ ဆာမ်ခုတ်မြို့နယ် နဲ့ ပထုန်ဌာနီမြို့နယ် နှစ်ခုထဲရှိ နေရာ ၃ ခုကနေ မိုနိုဆိုဒီယမ်၊ အချိုမှုန့်တု ၊ အာဂျီနိုမိုတိုတံဆိပ်ရိုက်နှိပ်ထားတဲ့ ပလတ်စတိတ်အိတ်၊ စက္ကူဖာ  အစရှိတဲ့ ကုန်ကြမ်းပစ္စည်းအမျိုးအစား ၂၁ မျိုးမှ  ပစ္စည်းပေါင်း ၅၄၄၄၅ ခုကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဆိုပါဟင်းချိုမှုန့်အတုတွေကို ပထုန်ဌာနီနဲ့ အနီးနားတဝိုက် ဈေးဆိုင်တွေမှာ ဖြန့်ဖြူးရောင်းချပြီး  လုပ်ငန်း လည်ပတ်ငွေ ဘတ်သန်းပေါင်း ၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး နန်းကျတုဖွန်း ( ၃၀ နှစ် ) ၊ နန်းဖတ်ခအွန်း ( ၄၃ နှစ် ) နဲ့ နန်းမြတ် ( ၅၇ နှစ် ) တို့ကို စီးပွါးရေးဆိုင်ရာ ရာဇဝတ်မှုနဲ့ ဖမ်းဆီးအရေးယူထားကြောင်း၊ သူတို့ဟာ ဒီအမှုကိုခုမှ ကျူးလွန်တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း အဖမ်းခံရပြီး တချို့မှာ ဗဟိုတရားရုံးချုပ်မှာ အယူ ခံဝင်ထားတယ်လို့ ဆိုပါတယ်။  

ထိုင်းနိုင်ငံမှာ ကုန်ပစ္စည်းတုပထုတ်လုပ်ပါက စီးပွါးရေးဆိုင်ရာ ရာဇဝတ်မှုဥပဒေအရ ထောင်ဒဏ် ၄ နှစ်ထက်မပို ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၄ သိန်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးလုံးကျခံရမယ်လို့ သတ်မှတ်ထားပါတယ်။ 

ကိုးကား- Bangkokbiznews

//
Up