ထိုင်းတွင် အရေးပေါ်လူနာတင်ကားအား လမ်းဖယ်မပေးသူ ပြစ်မှု ၂ ခုဖြင့် စွဲချက်တင်ခံရ

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ အရေးပေါ်လူနာတင်ကားကို လမ်းဖယ်မပေးခဲ့တဲ့ ကားပေါ်က အမျိုးသမီး ၁ ဦး ပြစ်မှု ၂ ခုနဲ့ စွဲချက်တင်ခံလိုက်ရတယ်လို့ ဇူလိုင် ၂၇ ရက်ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က နခွန်းဆီထမရတ်မြို့ ကားလမ်းမကြီးတခုပေါ်မှာ အရေးပေါ်လူနာတင်ကား ၁ စီးက လူနာရဲ့အသက်ကို အချိန်မီ ကယ်တင်ဖို့ လမ်းပေါ်ရှိကားတွေကို ဘေးရှောင်ပေးဖို့ လမ်းတောင်းနေခဲ့ပါတယ်။
တခြားကားတွေက ဘေးကိုရှောင်တိမ်းပေးပေမဲ့ အစိမ်းရောင်ကားငယ် ၁ စီးကတော့ ဖယ်မပေးပါဘူး။ ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်လူနာ ပါလာကြောင်း၊ သူဟာ သင့်ရဲ့ဆွေမျိုးအသိထဲကလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ကျေးဇူးပြုပြီး ဘေးရှောင်ပေးပါလို့ လော်စပီကာနဲ့ အော်ပြောပေမဲ့ ရှေ့ကကားဟာ ဖယ်မပေးဘဲ ဆက်မောင်းနေလို့ စွန့်စားပြီး ကျော်တက်ခဲ့ရတယ်။ ဒါပေမဲ့ လူနာဟာ ဆေးရုံမရောက်ခင် သေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ဖေ့စ်ဘွတ်ခ်လိုက်ဖ်လုပ်ရင်း ပြောကြားခဲ့ပါတယ်။
အဆိုပါဗွီဒီယိုကို ကြည့်နေသူတွေကတော့ ရှေ့က အစိမ်းရောင်ကားကို ပြစ်တင်ပြောဆိုနေကြပါတယ်။
ဒီနောက် အစိမ်းရောင်ကားမောင်းသူ အမျိုးသမီးကလည်း လူနာတင်ကားဟာ လမ်းပေါ်က လူတွေရဲ့ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ သူတို့သွားချင်တာတခုပဲ သိကြောင်း၊ ကားလမ်းဘေးမှာ ကားတွေရပ်ထားလို့ လမ်းကျဉ်းရတဲ့အထဲ အနောက်ကလည်း အသံပေးပြီး ကပ်လိုက်လာလို့ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း၊ ရှောင်ပေးလိုက်ရင် အနောက်ကနေ ဝင်တိုက်မှာလည်း စိုးရိမ်လို့ ဆက်မောင်းခဲ့ကြောင်း၊ သူတို့ ဖေ့စ်ဘွတ်ခ်လိုက်ဖ်ထဲမှာလည်း လူနာသေသွားပြီလို့ ပြောနေတာကို ဘာလို့လောနေသလဲ စသဖြင့် သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပါတယ်။ သူမဟာ သူနာပြု ၁ ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စဟာ လူမှုကွန်ရက်မှာ အငြင်းပွားနေလို့ နောက်ဆုံး လူနာတင်ကားဘက်က ရဲစခန်းကို တိုင်ကြားခဲ့ရာမှာ ရဲစခန်းက စစ်ဆေးမေးမြန်းမှုတွေ ပြုပြီးတဲ့နောက် အစိမ်းရောင်ကားမောင်းတဲ့ သူနာပြုဆရာမကို လူမှုကွန်ရက်မှာ တပါးသူထိခိုက်အောင် ရေးသားဖော်ပြမှုကြောင့် ကွန်ပျူတာဥပဒေနဲ့ အရေးပေါ်လူနာတင်ကားကို ဦးစားပေး မောင်းနှင်ရမယ့် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုဥပဒေတွေနဲ့ စွဲချက် ၂ ခု တင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကိုးကား-PPTV