close

ထိုင်းသို့ ၇ လအတွင်း ကမ္ဘာလှည့်ခရီးသည် ၃ သန်းကျော် လာရောက်လည်ပတ်

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ ၇ လတာအတွင်း ကမ္ဘာလှည့်ခရီးသွားဦးရေ ၃ ဒသမ ၁၂ သန်း လာရောက်လည်ပတ်ခဲ့ကြတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်အထိ စုဆောင်းရရှိခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ဘေးအလွန် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်မှုတွေ လုပ်ဆောင်ခဲ့အပြီးမှာ ခုလိုလာရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ သနာခွန် ဝမ်ဘွန်ခွန်ချနာက အဆိုပါ ကမ္ဘာလှည့်ခရီးသွားတွေထဲမှာ ရုရှားနိုင်ငံက ၇၆,၇၃၉ ယောက်ပါဝင်ပြီး ထိုင်းနိုင်ငံအနေနဲ့ ရုရှားခရီးသွားဧည့်သည် ၁ သန်းထိ ဝင်ရောက်လာဖို့ မျှော်မှန်းထားခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်သလို အခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ကပ်ဘေးအလွန် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်မှုတွေလည်း လုပ်ဆောင်နေတာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည်ဖွင့်လှစ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင်ဘာလကုန်ထိ ၂ လ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားသင့်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

//
Up