close

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် အယောက် ၄၀ နီးပါး ထပ်မံသေဆုံး

ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်ထားတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂,၄၈၀ ယောက်ရှိခဲ့ပြီး ၃၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂,၇၀၀ ကျော်ရှိခဲ့တာမို့ ရောဂါကူးစက်မှုနှုန်း လျော့နည်းလာခဲ့ပြီး သေဆုံးသူကတော့ အရင်တနေ့က ၃၂ ယောက်ရှိခဲ့တာမို့ ပိုမိုမြင့်တက်လာခဲ့တာပါ။

လတ်တလော ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၁,၈၅၃ ယောက်နဲ့ ဆေးကုသမှုခံယူနေသူ အရေအတွက် ၂၄,၅၅၀ ယောက်ရှိနေတာကြောင့် အရင်နေ့ ၂၃,၉၆၀ ယောက်ထက် ပိုပြီးမြင့်တက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၅၈ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၃၆ သန်းကျော်ကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၅၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူစုစုပေါင်း ၃၁,၃၂၇ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ ၉,၆၂၉ ယောက်ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင်ဘာလကုန်ထိ ၂ လထပ်မံတိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားသင့်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၅၇၉ ဒသမ ၅၄ သန်းကျော်၊ သေဆုံးသူပေါင်း ၆ ဒသမ ၄၁ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူ စုစုပေါင်း ၅၄၉ ဒသမ ၅၁ သန်းကျော် ရှိနေတာပါ။

ရောဂါကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၇ နေရာမှာ ရှိနေပါတယ်။

//
Up