close

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲ ပစ်ခတ်မှုဖြစ်ပွား

ရေး-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင် တဆိုင်ရှေ့မှာ  PDF တွေထင်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု သြဂုတ် ၅ ရက်  မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားတဲ့ ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ ရှိနေစဉ် ရဲသတင်းပေးက PDF တွေဆိုပြီး သတင်းပေးလာခဲ့တာကြောင့် ရဲတွေက လာရောက်ပစ်ခတ်ခဲ့ရာမှာ ကားထိမှန်ပျက်စီးခဲ့ပြီး ရဲတွေက ဝိုင်းထားစဉ်  လူတဦးက စစ်တပ်ကပါဆိုပြီး ပြန်ပြောပြမှ စစ်တပ်ကမှန်း သိရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ အနီးပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်သံတွေကြားတဲ့အတွက် ရေးမြို့ပေါ်က ကျောင်းသားမိဘတွေက  ကျောင်းမှာ လက်မှတ်ရေးထိုးပြီး သားသမီးတွေကို ကျောင်းကနေ ပြန်လည်ခေါ်ယူသွားခဲ့ရသလို စာသင်ကျောင်းအများစုမှာ ကျောင်းသားတွေ ကျောင်းဆက်မတက်ရဲကြလို့ စာသင်ကျောင်းတချို့ ယာယီ ပိတ်ထားရပါတယ်။

ရေးမြို့နယ်မှာ မကြသေးခင်ကလည်း လ.၀.က ရုံးဝန်ထမ်းတွေ ၀င်ရောက်ပစ်ခတ်ခံရအပြီးမှာ စစ်ကောင်စီ တပ်တွေက မြို့တွင်း  မြို့ပြင်တွေမှာ လှည့်ကင်းဝပ်ကင်းတွေကို ဌာနဆိုင်ရာရုံးနဲ့ PDFတွေ ဝင်လာနိုင်ခြေရှိတဲ့ လမ်းကြောင်းနေရာမှာ အရပ်ဝတ်နဲ့ပါ လုံခြုံရေးပိုမိုယူထားပြီး ဖမ်းဆီး စစ်ဆေးခံရတဲ့ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လ.၀.က ရုံး တိုက်ခိုက်ခံရမှုအပြီး ဌာနဆိုင်ရာ ရုံးတချို့ပိတ်ထားခဲ့သလို စာသင်ကျောင်းက ကျောင်းသားမိဘတွေက စိတ်ပူပန်ပြီး ကျောင်းမပေးတက်ရဲကြလို့ စာသင်ကျောင်းတချို့လည်း ပိတ်ထားလိုက်ပါတယ်။

ရေး PDF တွေက စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို အရှိန်မြှင့် ရှင်းလင်းသွားဖို့အတွက် စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်နေတဲ့ ရုံးတွေနားကို အသွားလာတွေ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

//
Up