“ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြဖို့လိုပြီ” မန်ယူနည်းပြတန်ဟတ်ဂ်

ဘရန့်ဖို့ဒ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြဖို့လိုပြီလို့ မန်ချက်စတာယူနိုက်တက် နည်းပြအဲရစ်တန်ဟတ်ဂ်က ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့ညက ဘန့်ဖို့ဒ်ကိုလည်း ထပ်မံရှုံးနိမ့်ခဲ့တဲ့အတွက် အဖွင့် ၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ရတာပါ။
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲချိန် ၃၅ မိနစ်အတွင် ၄ ဂိုး ပေးခဲ့ရပြီး အဲဒီရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့တာပါ။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ယူနိုက်တက်အသင်းအနေနဲ့ အခုထက်ပိုကောင်းဖို့လိုအပ်ပြီး ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ကြ ဖို့လိုကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“ပွဲကိုပြန်လည်သုံးသပ်ပြီး ရှေ့ဆက်သွားရပါမယ်။ ဒါပေမဲ့ ရှင်းတဲ့ကိစ္စတစ်ခုကတော့ ကျနော်တို့ဟာ ပိုကောင်းအောင်လုပ်ရမယ်ဆိုတာပဲ။ ဒီအသင်းက ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်အသင်းတွေကို အနိုင်ရဖို့ လုံလောက်ပါတယ်။ အဲဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုတော့ ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖို့လိုပါပြီ” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ပထမပိုင်းအပြီးခင်မှာပဲ ၄ ဂိုးပေးခဲ့ရလို့ အံ့အားသင့်ခဲ့ရပြီး နည်းပြမှာအဓိက တာဝန်ရှိတာဖြစ်လို့ ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ တာဝန်ယူကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။