ထိုင်းတောင်ပိုင်း ၃ ခရိုင် နေရာ ၁၁ ခုတွင် ဖောက်ခွဲ မီးလောင်မှုဖြစ်ပွား

ထိုင်းတောင်ပိုင်း ပတ္တနီ၊ ယလားနဲ့ နာရာသီဝပ် စတဲ့ခရိုင် ၃ ခုမှာ ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်က ဓာတ်ဆီဆိုင်၊ 7 Eleven နဲ့ Big C မီနီကုန်တိုက် စတဲ့ နေရာပေါင်း ၁၁ ခုမှာ ဖောက်ခွဲမှု မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အစ္စလာမ်အမျိုးသမီးတွေ ခြုံလေ့ရှိတဲ့ ခြုံလွှာတွေခြုံထားပြီး မက်စ်တပ်ထားတဲ့ လူတစုက ဆိုင်ကယ်စီးလာပြီး ပေါက်ကွဲစေတဲ့အရာကို ပစ်ပေါက်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဖောက်ခွဲခံရချိန်ဟာ မနေ့ည သန်းခေါင်ကျော်နဲ့ ဒီနေ့မနက် ၁၂ နာရီကျော်လောက်မှာ တပြိုင်တည်းလိုဖြစ်ခဲ့ကြောင်း၊ ပတ္တနီခရိုင်ထဲမှာ ၂ နေရာ၊ ယလားခရိုင်မှာ ၄ နေရာ၊ နာရာသီဝပ်မှာ ၅ နေရာဖြစ်ပြီး PTT၊ Bangchak စတဲ့ ဓာတ်ဆီဆိုင်နဲ့ 7 Eleven၊ Big C ကုန်တိုက်တွေလို့ တာဝန်ရှိသူတွေရဲ့ အပြောကိုကိုးကားပြီး bangkokbiznews သတင်းမှာ ဖော်ပြပါတယ်။
ယလားခရိုင် ယဟာမြို့ PTT ဓာတ်ဆီဆိုင်မှာ ဖွင့်ထားတဲ့ 7 Eleven ဆိုင်တခုမှာဆိုရင် မနေ့ည သန်းခေါင်ယံမှာ ခြုံလွှာအနက်၊ မက်စ်အနက်တပ်ထားသူ ၁ ဦးက ငွေရှင်းကောင်တာနားမှာ အိတ် ၁ လုံး လာချထားပြီး ဆိုင်ထဲကလူတွေကို “မသေချင်ရင် အကုန်ထွက်သွားကြ” လို့ အော်ပြောခဲ့ကြောင်း၊ ဆိုင်ဝန်ထမ်းတွေလည်း အနောက်ဘက်တံခါးပေါက်ကနေ ထွက်ပြေးခဲ့ပြီး ၁၀ မိနစ်ခန့်အကြာ ပေါက်ကွဲသံတွေ ကြားရတာလို့ အဆိုပါဝန်ထမ်းတွေက ပြောပါတယ်။
ယလားခရိုင် ပေါက်ကွဲမှု ၄ နေရာမှာ ယဟာ၊ ယလား၊ ရာမန်းနဲ့ ဘန်နန် ဆဒါမြို့နယ်ထဲမှာလို့ ဆိုပါတယ်။
နာရာသီဝပ်ခရိုင် ၅ နေရာမှာ ဆီဆာခွန်းမြို့နယ်မှာ ၂ နေရာ၊ ပါကျော့မြို့နယ် ၁ နေရာ၊ ဆုဟုန်ကိုလုတ်မြို့နယ်မှာ ၂ နေရာဖြစ်ပါတယ်။ နာရာသီဝပ်ခရိုင်ပေါက်ကွဲမှုမှာ ထိခိုက် ဒဏ်ရာရသူ အနည်းဆုံး ၃ ယောက်ရှိပြီး ပါကျော့မြို့မှာ မြန်မာအလုပ်သမား ၁ ယောက် ပါဝင်ပါတယ်။
ပတ္တနီ ၂ နေရာမှာ နောင်ကျစ်မြို့နယ် Bangchak ဓာတ်ဆီဆိုင်နဲ့ ထုန့်ယန်ဒဲန်မြို့နယ်ရှိ Big C မီနီကုန်တိုက်မှာလို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာကို သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးတွေကိုတော့ ခန့်မှန်းလို့မရသေးပါဘူး။
ဖောက်ခွဲရေးကျူးလွန်သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေး အစွန်းရောက်သမားတွေရှိပြီး မကြာခဏ ဖောက်ခွဲမှု၊ မိုင်းထောင်မှုတွေ ပြုလေ့ရှိပါတယ်။
ကိုးကား - bangkokbiznews