နီကာရာဂွါအစိုးရကို ဝေဖန်သူ ခရစ်ယာန်ဘုန်းကြီး အကျယ်ချုပ်ထားခံရ

နီကာရာဂွါနိုင်ငံ ကက်သလစ်ဘုရားကျောင်းရဲ့ ဩဇာအကြီးဆုံး ခေါင်းဆောင်တယောက်ဖြစ်တဲ့ မာတာဂလ်ပါမြို့မှ ဘုန်းတော်ကြီး ရိုလန်ဒို အလ်ဗာရက်ဇ်ကို အရုဏ်ဦးမတိုင်ခင် စီးနင်းထိန်းသိမ်းကာ မြောက်ပိုင်းသာသနာပိုင်နယ်မြေကနေ ဖယ်ရှားလိုက်ပြီးနောက် နေအိမ်အကျယ်ချုပ်ချထားလိုက်ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၉ ရက်မှာ ပြောကြားပါတယ်။
သမ္မတ ဒယ်နီယလ် အော်တေဂါရဲ့ အစိုးရကို ဝေဖန်သူ အလ်ဗာရက်ဇ်ဟာ မာတာဂလ်ပါရှိ ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဘုန်းတော်ကြီး ၅ ပါး၊ စာသင်ဆရာ ၁ ဦး နဲ့ ဘာသာရေး ကင်မရာသမားတဦးတို့နဲ့အတူ ၂ ပတ်ကြာ ချုပ်နှောင်ခံခဲ့ရတာပါ။
နီကာရာဂွါအာဏာပိုင်တွေဟာ မကြာသေးခင်လတွေအတွင်း ဘုန်းတော်ကြီး ၃ ပါးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တခြားသူတွေကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ဒီစီးနင်းမှုကို နိုင်ငံတကာမှ လူပုဂ္ဂိုလ်တွေနဲ့ ဘာသာရေးအဖွဲ့တွေက ရှုတ်ချကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ဒီဖြိုခွင်းမှုအပေါ် မှတ်ချက်မပေးပါဘူး။
မာနာဂွါရဲ့သာသနာပိုင်ဟာ အလ်ဗာရက်ဇ် နဲ့ တစည်းတလုံးတည်း ရှိနေကြာင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ "ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ဆိုးရွားနေပေမယ့်" သူ့စိတ်ဝိညာဉ်က နဂိုအတိုင်းဖြစ်တယ် လို့ ကာဒီနယ် လဲပိုလ်ဒို ဘရဲနေးစ်က ပြောပါတယ်။
၂၀၁၈ ခုနှစ်က အော်တေဂါရဲ့အစိုးရကို ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပြီးနောက် ဘုရားကျောင်းက အစိုးရနဲ့ ဆန္ဒပြသူမျတွေအကြားမှာ ကြားဝင် ဖျန်ဖြေ ပေးတဲ့ အခါ ကက်သလစ်ချာ့ခ်ျနဲ့ အော်တီဂါအစိုးရကြား ဆက်ဆံရေးက ဆိုးဆိုးရွားရွား တင်းမာလာခဲ့တာပါ။
ဆူပူအုံကြွမှုအတွင်း သေဆုံးခဲ့တဲ့ လူပေါင်း ၃၆၀ ကျော်အတွက် တရားမျှတမှုကို ဘုရားကျောင်းက တောင်းဆိုခဲ့ပါတယ်။
အခုလအစောပိုင်းမှာ ရဲတပ်ဖွဲ့စာ အလ်ဗာရက်ဇ် နဲ့ ဆက်နွှယ်နေတဲ့ ရေဒီယိုအသံလွှင့်ဌာန ၇ ခုကို ပိတ်ပစ်ခဲ့ပြီး သူ့ကို ပူးပေါင်းကြံစည်မှုနဲ့ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတွေဟာ မာနာဂွာရှိ သူ့မိဘတွေပိုင်အိမ်ကိုလည်း အဲဒီမနက်မှာပဲ ဝင်ရောက်စီးနင်းခဲ့ကြောင်း အသက် ၅၅ နှစ်အရွယ် ဘုန်းတော်ကြီး အယ်လ်ဗာရက်ဇ် ရဲ့ တူမဖြစ်သူက ပြောကြားခဲ့ပါတယ်။