close

တောင်အာဖရိကတွင် ကုန်‌စျေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူများလမ်းပေါ်ထွက်ဆန္ဒပြ

ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး အရေးယူဆောင်ရွက်ဖို့ တောင်အာဖရိကနိုင်ငံ၊ ပရက်တိုးရီးယားမြို့မှာ ဩဂုတ် ၂၄ ရက်မှာ  ပြည်သူတွေ လမ်းပေါ်ထွက်ပြီး  အစိုးရကို တောင်းဆိုဆန္ဒပြနေကြပါတယ်။

ကုန်စျေးနှုန်းတက်လာတာကို ဆန့်ကျင်တဲ့ ရာချီတဲ့ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြပြီ “စားနပ်ရိက္ခာ စျေးတက်တာကို မလိုချင်ဘူး” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်စွဲခဲ့ပါတယ်။

သမ္မတ စီရေးရာမာဖိုဆာရဲ့ ရုံးခန်းရှိရာ ပြည်ထောင်စုအဆောက်အဦဆီကိုလည်း ချီတက်ခဲ့ကြပါတယ်။

လုပ်ခလစာညှိနှိုင်းရာမှာ သတ္တုတွင်းလို ကဏ္ဍတွေမှာ အလုပ်သမား မတည်ငြိမ်မှုတွေရှိခဲ့ပေမဲ့ တောင်အာဖရိကရဲ့ အကြီးဆုံးသမဂ္ဂဖြစ်တဲ့ COSATU အတွက် ပြည်လုံးကျွတ်သပိတ်ကို ဦးဆောင်ဆင်နွှဲတာမျိုးကတော့ ရှားပါတယ်။

နေ့စဉ်နဲ့အမျှ ပိုများတဲ့ ဆန္ဒပြသူတွေ ချီတက်ပွဲကို လာပူးပေါင်းဖို့ မျှော်လင့်ထားတယ်လို့ သမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရဲ့ အဓိက မြို့ကြီး ၁၀ မြို့ကျော်မှာ ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ကန့်သတ်ရေး ဆော်ဩချက်က အောင်မြင်မလားဆိုတာတော့ မသိရသေးပါဘူး။

သမဂ္ဂက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းတဲ့ အစိုးရဝန်ထမ်းတွေကို လစာမပေးဘူးလို့ ပြည်သူ့ဝန်ဆောင်မှုနဲ့ စီမံအုပ်ချုပ်ရေးဌာနက အစိုးရဌာနတွေဆီ ပေးပို့တဲ့ စာထဲမှာ ပြောထားပါတယ်။

တောင်အာဖရိကမှာ စားသုံးသူ ငွေကြေးဖောင်းပွမှုဟာ ဇူလိုင်လက ၇ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးသွားခဲ့လို့ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။

လောင်စာဆီစျေးက ဇွန်လမှာ ၄၅ ဒသမ ၃ ရာခိုင်နှုန်းထိ တက်သွားခဲ့ပြီး ၂၀၀၉ နောက်ပိုင်း ကုန်စျေးနှုန်းညွှန်းကိန်းကို စသုံးချိန်ကနေ ခုထိ တနှစ်အတွင်း အကြီးဆုံးတိုးနှုန်း ဖြစ်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

//
Up