ဥရောပသို့ တောင်အာဖရိက ကျောက်မီးသွေးတင်ပို့မှု မြင့်တက်

ဥရောပနိုင်ငံတွေဟာ ရုရှားကျောက်မီးသွေးအစား တခြားရွေးချယ်စရာတွေကို ရှာဖွေဖို့ ရုန်းကန်နေရတာကြောင့် ကမ္ဘာ့ထိပ်တန်း ကျောက်မီးသွေးထုတ်လုပ်သူ ၁၀ နိုင်ငံထဲက တောင်အာဖရိကနိုင်ငံဟာ အခုနှစ်အတွင်း ဥရောပကို သူ့ရဲ့ကျောက်မီးသွေး တင်ပို့မှု မြင့်တက်လာပါတယ်။
အခုနှစ် ဩဂုတ် ၁၀ ရက်မှာ ဥရောပဟာ ရုရှားမှ ကျောက်မီးသွေး တင်သွင်းမှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး ဥရောပနိုင်ငံ အများအပြားဟာ တောင်အာဖရိကမှ ကျောက်မီးသွေး တင်သွင်းမှုကို စတင်ခဲ့တာပါ။
အချက်အလက်တွေအရ တောင်အာဖရိကဟာ အာဖရိကရှိ ကျောက်မီးသွေးအရင်းအမြစ်တွေ တင်ပို့မှုမှာ ပထမ၊ ကျောက်မီးသွေးထုတ်လုပ်မှုမှာ သတ္တမနဲ့ ပို့ကုန်မှာ တတိယအဆင့်ရှိကြောင်း ပြနေပါတယ်။
တောင်အာဖရိကဟာ ကျောက်မီးသွေး တန်ချိန် သန်း ၂၅၀ လောက် ထုတ်လုပ်နေပြီး ပုံမှန်အခြေအနေမှာ တန်ချိန် သန်း ၈၀ လောက် တင်ပို့နေပါတယ်လို့ Canyon ကျောက်မီးသွေး လုပ်ငန်းရဲ့ စီအီးအိုဖြစ်သူ ဗေ့စလောက်ဘိုင်ယော့ဂ်လူက ပြောပါတယ်။
အခုနှစ် ပထမငါးလအတွင်း ဥရောပနိုင်ငံတွေဟာ တောင်အာဖရိကမှ ကျောက်မီးသွေး တန်ချိန် ၃ ဒသမ ၂၄ သန်းကျော် တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ တင်သွင်းမှုအားလုံးထက် ၄၀ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။
တောင်အာဖရိကဟာ ဥရောပမှ ဝယ်လိုအားတွေ မြင့်တက်နေချိန်မှာ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ နိုင်ငံရဲ့ ရထားလမ်းနဲ့ ကားလမ်း သုံးနိုင်စွမ်းဟာ အကန့်အသတ်ရှိနေတာကြောင့် ကျောက်မီးသွေး အမြောက်အမြားကို မိုင်းတွင်းကနေ ဆိပ်ကမ်းကို ခပ်မြန်မြန် ပို့ဆောင်ဖို့ ခက်ခဲနေပါတယ်။
တောင်အာဖရိက ကျောက်မီးသွေးထုတ်လုပ်သူတွေ အသုံးပြုတဲ့ ဆိပ်ကမ်းတွေ အများကြီး ရှိတဲ့အထဲမှာ ရစ်ချဒ်ပင်လယ်အော် ကျောက်မီးသွေးဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်မီးသွေးသုံး ဆိပ်ကမ်းတွေထဲက အဓိကဆိပ်ကမ်းတခု ဖြစ်ပါတယ်။
ကျောက်မီးသွေးက တစ်နှစ်ကို တန်ချိန် ၉၁ သန်း ထုတ်လုပ်နိုင်ပေမယ့် ရထားလမ်း စွမ်းဆောင်ရည်ကတော့ အကန့်အသတ်ရှိနေတော့ ပို့နိုင်စွမ်းက တန်ချိန် ၅၆ သန်း ရှိလိမ့်မယ် လို့ ဘိုင်ယော့ဂ်လူက ပြောပါတယ်။