close

ချင်းရိုင်းတွင် စိတ်ကြွဆေးပြား ၅ သန်းကျော်နှင့် အိုက်စ် ၁၅၀ ကီလိုဂရမ် ဖမ်းမိ

ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် ကျိန်းဆဲန်မြို့နယ်ထဲမှာ မနေ့ညက စိတ်ကြွဆေးပြား ၅ သိန်းကျော်နဲ့ အိုက်စ်ဆေးအလေးချိန် ၁၅၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ပရက်စ်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ကွန်မန်ဒိုတပ်တို့ မနေ့ည ၉ နာရီ ၁၅ မိနစ်လောက်က နယ်မြေထဲမှာ လုံခြုံရေး စောင့်ကြပ်စစ်ဆေးစဉ် လာအိုနိုင်ငံဘက်က လှေ ၁ စီး မဲခေါင်မြစ်ကိုဖြတ်ကာ  ကျိန်းဆဲန်မြို့နယ် မဲ့ငင်းအုပ်စု ဆုပ်ယပ်ရွာမှာ လာရောက်ဆိုက်ကပ်ကြောင်း၊ လှေပေါ်မှာ လူ ၃ ဦး ပါလာပြီး ထိုင်းဘက်ခြမ်းနေ လူ ၂ ယောက်က သွားကြိုကာ အထုတ်တွေ ကမ်းပေါ်ကို ဝိုင်းပြီးသယ်ချကြတာကို  အဝေးကလှမ်းမြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးဖို့ ထွက်လာစဉ် အဆိုပါလှေမှာ မဲခေါင်မြစ်ထဲ အမြန်ပြန်ခုတ်မောင်းသွားသလို ကုန်းပေါ်က လူ ၂ ယောက်ဟာလည်း မှောင်ရိပ်ခိုပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ 

အဆိုပါနေရာကိုသွားရောက်စစ်ဆေးရာမှာ မြွေရေခွံအိတ် စုစုပေါင်း ၃၉ လုံးတွေ့ရှိရကြောင်း၊ ၂၇ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၅,၄၀၀,၀၀၀ နဲ့ ကျန်တဲ့  အိတ် ၁၂ လုံးထဲမှာတော့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၅၀ ကီလိုဂရမ် ပါရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းလာအိုနယ်စပ်မှာ ဩဂုတ် ၁၉ မှ ၂၉ ရက်နေ့ထိ (၁၀ ရက်) အတွင်း စိတ်ကြွဆေးအလုံးရေ  သန်း ၂၀ ကျော်  ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - Maesaipress

//
Up