close

ရွှေကျင်တွင် လက်နက်ကြီးကျည်စထိမှန်သဖြင့် ပြည်သူ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ရွှေကျင်မြို့နယ် တပ်မဟာ ၃ တပ်ရင်း ၇ အပိုင် သံဆိပ်ရွာနဲ့ မဲဇောင်းကျေးရွာမှာ လက်နက်ကြီးစထိမှန်တာကြောင့် ပြည်သူ ၂ သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သြဂုတ် ၃၀ ရက် မနက် ၅ နာရီခွဲကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ တွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့  အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မနက်က တိုက်ပွဲမှာ စစ်ကောင်စီရဲ့ သံဆိပ်စခန်း အတိုက်ခံရပြီး နှစ်ဖက်ထိတွေ့မှု ပြင်းထန်ကာ စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေက သံဆိပ်ရွာထဲ လှမ်းပစ်တဲ့အတွက် အသက် ၃ နှစ်အရွယ် နဲ့ ၁၀ နှစ်ကျော်အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် ရွာသား ၅ ဦးလက်နက်ကြီးစ ထိမှန်ဒဏ်ရာရကာ အဲဒီထဲက ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် အမျိုးသား နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦး ဖြစ်တယ်လို့ သိရပါတယ်။ 

ဒဏ်ရာရကလေးငယ်တွေကိုတော့ ရွှေကျင်မြို့ ကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသနေပြီး ကလေးတယောက် စိုးရိမ်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တဦးဒဏ်ရာရပြီး KNLA ဘက်က အကျအဆုံး မရှိခဲ့ဘူးလို့ သိရပေမယ့် အတည်မပြုနိုင်သေးပါဘူး။ 

လက်နက်ကြီးကျလို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ရသလို နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ရွာထဲကို စစ်ကြောင်းပြန်ထိုးနေတာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up