close

ပါလက်စတိုင်းအကျဉ်းသား အဝါဒေ ရက် ၁၆၀ ကြာ အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း

ဓာတ်ပုံ - ရိုက်တာ

ပါလက်စတိုင်းအကျဉ်းသား ခါလစ် အဝါဒေဟာ အောက်တိုဘာလမှာ ပြန်လွှတ်ပေးဖို့ အစ္စရေးက သဘောတူပြီးတဲ့နောက် ရက်ပေါင်း ၁၆၀ ကျော်ကြာ အစာငတ်ခံဆန္ဒပြမှုကို ရပ်တန့်ခဲ့တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီွဒီယိုတခုမှာ ပိန်ပိန်ပါးပါးနဲ့ အရိုးစုပုံပေါက်နေပြီး ဆေးရုံခုတင်ပေါ်မှာ စကားပြောရင်း အသက်ရှုကျပ်နေတဲ့ အဝါဒေက သူ့ကျန်းမာရေး ပြန်ကောင်းပြီး လမ်းပြန်မလျှောက်နိုင်မချင်း ဆေးရုံမှာ ဆက်နေမယ်လို့ ပြောခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာ ဆေးရုံက ဆင်းချိန်အထိ အဝါဒေဟာ ဆေးကုသမှုခံယူဖို့ ဆေးရုံမှာ ဆက်ရှိနေမယ်လို့ သူ့ရှေ့နေ အာလမ် ဟာဒက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အသက် ၄၀ အရွယ် အဝါဒေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အဖမ်းခံရပြီး မကြာခင် အစ္စရေးက တရားမစွဲဘဲ ချုပ်နှောင်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။

သူ့ရှေ့နေက အဝါဒေဟာ ရေသောက်ရုံနဲ့ လချီ အသက်ရှင်သန်နေရပြီး သူ့ကျန်းမာရေး ဆိုးရွားမှုကြောင့် ‘အချိန်မရွေး သေဆုံးနိုင်တယ်’ လို့ ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးခဲ့ပါတယ်။

အစ္စရေးနဲ့ ဂါဇာမှာ လူပေါင်း ၄၉ ယောက် သေဆုံးခဲ့တဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့ကြား သုံးရက်ကြာ တိုက်ပွဲတွေ အဆုံးသတ်ရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မကြာသေးမီက အီဂျစ်ဖျန်ဖြေသူတွေက အဝါဒေကို လွှတ်ပေးဖို့ တွန်းအားပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ဆီက မှတ်ချက်တစုံတရာ ချက်ချင်း မရသေးပါဘူး။

ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါဝတ် ရှီဟဘ်က သဘောတူညီချက်ကို အောင်မြင်မှုတခုအဖြစ် ချီးကျူးခဲ့ပြီး သီတင်းပတ်အများကြီးကြာအောင် ကြိုးစားပြီးမှ အီဂျစ်က ကြိုးစားပေးလို့ ရလာတဲ့ ရလဒ်ဖြစ်လို့ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up