close

မုံရွာမြို့ရှိ CCTV ကင်မရာအရောင်းဆိုင်များအား ဒေသကာကွယ်ရေးအဖွဲ့ သတိပေး

မုံရွာမြို့က စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေနဲ့ ထောင်တွေကို လုံခြုံရေးကင်မရာ CCTV တပ်ဆင်တာတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့ အရောင်းဆိုင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေမှာ CCTV ကင်မရာတွေကို အရောင်းဆိုင်တချို့က တာဝန်ယူတပ်ဆင်ပေးတာတွေရှိနေပြီး စစ်အုပ်စုရဲ့ လုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ကူညီတာတွေ မလုပ်ကြဖို့ ‌မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

“CCTV ရောင်းချပြီး တာဝန်ယူတပ်ဆင်ပေးနေတဲ့ အဲ့ဒီ အရောင်းဆိုင်နာမည်တွေကစ ကျနော်တို့ဆီမှာ အတိအကျရှိပါတယ်။ တနိုင်ငံလုံးက စစ်အုပ်စုကို ရတဲ့နည်းနဲ့ တော်လှန်နေကြတဲ့ ကာလမှာ အဲ့ဒီလို ကိုယ်ကျိုးစီးပွားတခုတည်းကြည့်ပြီး  စစ်အုပ်စုကို အားပေးကူညီတာတွေ မလုပ်ကြဖို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ အရောင်းဆိုင်တွေကို ပထမဆုံးအကြိမ် သတိပေးထုတ်ပြန်တာပါ" လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေတဲ့ အင်အားစုတွေကို စစ်ကောင်စီတပ်ဖွဲ့က CCTV ကင်မရာတွေ အသုံးပြုကာ ခြေရာခံထောက်လှမ်းတာတွေရှိနေပြီး မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

မုံရွာမြို့မှာ CCTV ကင်မရာတွေကို စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေအပြင် မြို့တွင်းလမ်းမတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ သာစည်လမ်း စတဲ့ လမ်းဆုံလမ်းထောင့်တွေနဲ့ ကားကွင်းအဝင်အထွက်တွေမှာလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကာ မုံရွာမြို့တွင်းက နေရာတချို့နဲ ဌာနဆိုင်ရာတချို့မှာ CCTV ကင်မရာတွေကို ထပ်တိုးတပ်ဆင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up