close

ပေါက်မြို့မရဲစခန်းမှ ရဲတပ်သားတဦး လက်နက်ခဲယမ်းအပြည့်စုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း ပေါက်မြို့မရဲစခန်းက ရဲတပ်သားတယောက် စက်တင်ဘာ ၁၃ ရက် မနက်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ​CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။

ပေါက်မြို့မရဲစခန်းက လ/၂၇၈၂၅၀ ရဲတပ်သား အာဆီယံဟိန်းဟာ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လို စိတ်မရှိတော့လို့ ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ မြိုင်ပ.က.ဖ ကနေတဆင့်  လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDM ပြုလုပ်လာတာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက DVB ကို ပြောပါတယ်။

“အဲဒီရဲတပ်သားမှာ G3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၁၃၂ တောင့်နဲ့ လက်ထိတ်တစုံ ပါလာတာကြောင့် ကျနော်တို့ တပ်ဖွဲ့က ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်။”

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေ၊ ရဲတွေအနေနဲ့ အမြင်မှန် ရပြီး ပြည်သူ့ဘက်ကို ရပ်တည်ကြဖို့နဲ့ လက်နက်ခဲယမ်ေအပြည့်အစုံနဲ့ CDM ပြုလုပ်မယ်ဆိုရင် ဂုဏ်ပြုဆုငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up