close

နောင်ထောဝ်ဒေသက စစ်ကောင်စီစခန်းနှစ်ခုကို ရှမ်းတောင်တပ်ရင်း ၅ ရင်း စုပေါင်းတိုက်ခိုက်

ဓာတ်ပုံ - USSFU

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက စစ်ကောင်စီ တပ်စခန်းနှစ်ခုကို စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ရှမ်းတောင် တပ်ရင်း ၅ ရင်း စုပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ‌ဗိုလ်ကြီးတဦးအပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သလို တပ်ပေါင်းစုဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၉ ဗုံးပစ် လောင်ချာတလက် ပျက်စီးခဲ့တယ်လို့ စက်တင်ဘာ ၁၃ ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကလည်း တိုက်ခိုက်ခဲ့ပြီး မဟာမိတ်ဘက်က လက်နက်အင်အား မလုံလောက်တာကြောင့် ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

NUG လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၁၀၀၅ တပ်ရင်း (SSPDF)၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY)၊ အမှတ် ၁၀၀၉ တပ်ရင်း (IPDF)၊ တခြား အမည်မဖော်ပြတဲ့ NUG တပ်ရင်းတရင်း၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့နဲ့ ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Shan State Federal Union) ကို ဖွဲ့စည်းထားတာပါ။

ရှမ်းပြည်တောင်ပိုင်းမှာ ဖယ်ခုံ၊ မိုးဗြဲဒေသမှအပ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ကြီးကြီးမားမား တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ အခု ပထဆုံးအကြိမ်အဖြစ် ရှမ်းတောင် တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်ကောင်စီကို စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up