close

ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် တိုက်ပွဲဖြစ်၊ ၃ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံတို့ကြား လွန်ခဲ့တဲ့နှစ်ရက်က တိုက်ပွဲတွေ ဖြစ်ပြီးတဲ့ နောက် လူ ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

နယ်စပ်ပဋိပက္ခမှာ တင့်ကားတွေနဲ့ မော်တာကျည်ဆန်တွေကို သုံးခဲ့တယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

အငြင်းပွားနေတဲ့ တောင်တန်းဒေသမှာ စက်တင်ဘာ ၁၆ ရက်အစောပိုင်းက ကင်းစခန်း အများအပြားကို တာဂျစ်တပ်ဖွဲ့ဝင်တွေက ထပ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ကာဂျစ္စတန်နယ်ခြားစောင့် တပ်ဖွဲ့က ပြောပါတယ်။ 

တာဂျစ်တပ်ဖွဲ့တွေက တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ မော်တာတွေကို သုံးခဲ့တယ်လို့လည်း ပြောပါတယ်။

ကာဂျစ်တပ်ဖွဲ့တွေက တာဂျစ်တွေရဲ့ ကင်းစခန်းတခုနဲ့ ရွာ ၇ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တာဂျစ်ကစ္စတန်က တန်ပြန် ပြောဆိုပါတယ်။

အခင်းဖြစ်ရာဒေသဟာ နိုင်ငံရေးနဲ့ လူမျိုးရေးပထဝီဝင်ကြောင့် ကျော်ကြားပြီး မနှစ်ကလည်း စစ်ပွဲကြီး ဖြစ်လုနီးပါး အလားတူ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးနားက ရွာတွေကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာဂျစ်အာဏာပိုင်တွေက ပြောပါတယ်။ 

ကာဂျစ်နဲ့ တာဂျစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ကာဂျစ်အစိုးရက ပြောပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နှစ်ရပ် မအောင်မြင် သေးဘူးလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

၂ နိုင်ငံလုံးက သမ္မတတွေဟာ ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ဒေသဆိုင်ရာ လုံခြုံရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်ကြပြီး အဲဒီ အခမ်းအနားအတွင်း သူတို့ရဲ့ မိန့်ခွန်းတွေထဲမှာ ဒီ ပဋိပက္ခတွေကို မဖော်ပြခဲ့ကြပါဘူး။

အရင် ဆိုဗီယက်သမ္မတနိုင်ငံ လက်အောက်ခံ နှစ်နိုင်ငံကြား နယ်နိမိတ်အတွက် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ ရှိပေမယ့် များသောအားဖြင့် အရှိန်လျော့သွားလေ့ရှိပါတယ်။

နှစ်ဖက်စလုံးက ရုရှားစစ်အခြေစိုက်စခန်းတွေကို လက်ခံထားပြီး ရုရှားအစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

ရုရှားကတော့ အခုသီတင်းပတ်အတွင်း ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်ထားဖို့ တိုက်တွန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up