အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံတိုက်ပွဲအတွင်း စစ်သည် ၁၀၀ နီးပါးသေဆုံး

အဇာဘိုင်ဂျန်နိုင်ငံရဲ့ မြို့တော် ဘာခူမှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံကြား နယ်စပ်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သည်တယောက်ရဲ့ ဈာပနကို စက်တင်ဘာ ၁၄ ရက်က ကျင်းပပါတယ်။
နိုင်ငံတကာ ငြိမ်းချမ်းရေး အားထုတ်မှုတွေလည်း တိုးလာနေပေမဲ့ ဗုဒ္ဓဟူးနေ့က နောက်ထပ် တိုက်ပွဲအသစ်တွေ ထပ်ဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိနေပါတယ်။
၂၀၂၀ စစ်ပွဲအပြီး ဆိုဗီယက်သမ္မတနိုင်ငံဟောင်း လက်အောက်ခံ ၂ နိုင်ငံကြား အဆိုးရွားဆုံး တိုက်ပွဲတွေအတွင်း စစ်သည် အယောက် ၁၀၀ နီးပါး သေဆုံးခဲ့တာပါ။
တနင်္လာညပိုင်းက နယ်စပ်တလျှောက်ဖြစ်ခဲ့တဲ့ ရန်လိုမှုတွေအတွက် တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
တူရကီသမ္မတ တေယစ် အာဒိုဂံနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က ဒီအပတ်ထဲ ဆာမာခန်းမြို့မှာတွေ့မယ့် အစည်းအဝေးအတွင်း လတ်တလော တိုက်ပွဲတွေအတွက် ဆွေးနွေးကြလိမ့်မယ်လို့ တူရကီ အကြီးတန်းအရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ြပပါတယ်။
နယ်စပ်နားက မြို့အတော်များများ အင်္ဂါနေ့အစောပိုင်းက အမြောက်နဲ့ပစ်ခံရလို့ အဇာဘိုင်ဂျန်ရဲ့ အကြီးစား ကျူးကျော်မှုအတွက် တုံ့ပြန်ခဲ့တယ်၊ အာမေးနီးယားစစ်သည် ၄၉ ယောက်ထက်မနည်း ကျဆုံးတယ်လို့ အာမေးနီးယားက ပြောပါတယ်။
အာမေးနီးယားဟာ နယ်စပ်တလျှောက် ထောက်လှမ်းနေပြီး လက်နက်တွေ ရွှေ့ပြောင်းနေတဲ့အပြင် အဇာဘိုင်ဂျန်ရဲ့ တပ်စခန်းတွေကို အာမေးနီးယားက တိုက်ခိုက်ခဲ့တယ်လို့ အဇာဘိုင်ဂျန်အစိုးရက စွပ်စွဲပါတယ်။
ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံလုံးက ချုပ်တည်း စောင့်ထိန်းကြဖို့ ဆော်ဩထားပါတယ်။