close

ပေါက်မြို့နေ လူငယ်တဦးအား PDF သတင်းပေးဟုစွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး

မကွေးတိုင်း ပေါက်မြို့က လူငယ်တယောက်ကို စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ PDF သတင်းပေးဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်က ကိုနိုင်လင်းမိုးရဲ့ နေအိမ်ကို မနေ့က ၁၉ မနက် ၁၁ နာရီလောက်မှာ စစ်တပ်နဲ့ ရဲအင်အား ၁၅ ယောက်လောက် ရောက်လာပြီး ဖမ်းဆီးသွားကြတာလို့ ပေါက်မြို့ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“တော်လှန်ရေးကာလမှာ သူတို့ စစ်(...)တွေရဲ့ လှုပ်ရှာသွားလာမှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သတင်းပေးပို့ရမှာက ပြည်သူတိုင်းရဲ့ တာဝန်ပဲဗျ။ သူတို့ကတော့ ပြည်သူတွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းနေကြတာ။ ကျနော်တို့ ပြည်သူတွေက အားမတန်လို့ မာန်လျှော့နေကြရတာ။ စစ်အာဏာရှင်ပြုတ်ကျရေးအတွက်တော့ ရရာနည်းနဲ့ တော်လှန်နေကြရမှာပဲ။” 

စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူပေးတဲ့ ပရဟိတအဖွဲ့တွေနဲ့ NLD ပါတီ ထောက်ခံဝန်းရံသူတွေကို PDF တပ်ဖွဲ့ဝင်၊ ထောက်ပံ့သူ၊ မမှန်သတင်းဖြန့်ဝေသူဆိုပြီး စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး နေ့စဥ်လိုလို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၄၃၅ ယောက်ရှိပြီး အဲဒီထဲက ၁၄၇၄ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up