close

ကျောက်ဖြူတွင် စစ်ကောင်စီက အမျိုးသား ၇ ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ စက်တင်ဘာ ၂၂ ရက်က မြို့ပေါ်ရပ်ကွက်နေ အမျိုးသား ၃ ယောက်နဲ့ မလကျွန်းကျေးရွာနေ လူငယ် ၄ ယောက်တို့ကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလကျွန်းကျေးရွာနေ ဖမ်းဆီးခံရသူ လူငယ် ၄ ယောက်အနက် ၂ ယောက်က အထက်တန်းပညာကို သင်ကြားနေကြသူတွေဖြစ်ပြီး ကျန်လူငယ် ၂ ယောက်က တခြားရွာကနေ ဘောလုံးကစားဖို့ ရောက်ရှိနေတဲ့သူတွေဖြစ်ပါတယ်။ 

ရွာရဲ့ခန်းမမှာ အိပ်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၂ ရက် မနက် ၄ နာရီခွဲက လာရောက် ဖမ်းဆီးခဲ့တာလို့ မလကျေးရွာနေသူ တဦးက ပြောပါတယ်။

“ကျေးရွာခန်းမကို မနက် ၄ နာရီခွဲလောက်မှာ လာဝိုင်းတယ်။ အဲဒီအထဲမှာက ဘောလုံးကန်တဲ့ ကောင်လေးတွေက အိပ်နေကြတယ်။ သူတို့က ဘောလုံးနိုင်လို့ စုပြီးထမင်းချက်စားပြီးတော့ ကောင်လေး ၄ ယောက်က အိပ်နေကြတာပေါ့။ အဲဒီအချိန်မှာ စစ်တပ်ကဝင်ပြီး ဖမ်းသွားတာပါ။ သူတို့ကို ဖမ်းပြီး ခန်းမထဲမှာရှိတဲ့ လေအေးပေးစက် ၂ လုံးရယ်၊ စားပွဲခုံ ၃ လုံးရယ်၊ ဗီဒို ၃ လုံးရယ်၊ ဟောပြောတဲ့စင်ကို ဖြိုဖျက်သွားခဲ့တယ်။ ပြီးတော့ လေအေးပေးစက် ၁ လုံးကို ယူသွားကြတယ်။”

ကျောက်ဖြူမြို့ အစိုးရရပ်ကွက်က ကိုရန်နိုင်မင်း(ခ) သောက်ဆန်းနဲ့ ကုလဘာတောင်ရပ်ကွက်က အမျိုးသား ၁ ယောက်တို့ကို စက်တင်ဘာ ၂၂ ရက်‌ မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ လာရောက်ကာ ဖမ်းဆီ‌ေခေါ်ဆောင်သွားခဲ့သလို စေတီတောင်ရပ်ကွက်က ကိုလှကျော်ဆိုသူကိုလည်း မနက် ၁၁ နာရီ လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကိုလာရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ကျောက်ဖြူ မြို့နေ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာ ၈ ရက်ကစပြီး ၁ ပတ်အတွင်း ကျောက်ဖြူမြို့ပေါ်က အရပ်သား ၇ ယောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ၃၄ စစ်တပ်ထဲခေါ်ယူသွားပြီးနောက် သုံးလေးရက်အကြာမှာ ကျောက်ဖြူမြို့မရဲစခန်းကို ပို့ဆောင်ကာ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ပုဒ်မ-၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံမိသားစုတွေက ဆိုပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ကြား တကျော့ပြန်တိုက်ပွဲပြင်းထန်လာနေတဲ့အချိန်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို သံသယနဲ့ဖမ်းဆီးတာတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမဟုတ်ဘဲ အရပ်သားတွေရှိတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up