close

အလှမယ်ဟန်လေး ကနေဒါ ရောက်ရှိ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်လေဆိပ်မှာ  အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားတာခံခဲ့ရတဲ့  Miss Grand International အလှမယ် သော်နန္ဒာအောင် (ခ) ဟန်လေးဟာ ကနေဒါနိုင်ငံ တိုရန်တိုမြို့ကို စက်တင်ဘာ ၂၈ ရက်က ရောက်ရှိလာပါတယ်။

အလှမယ်ဟန်လေးဟာ တိုရန်တိုကနေတဆင့် ပရင့်စ်အက်ဒဝပ်ဒ်အိုင်းလန်းပြည်နယ်ရှိ ချာလော့တီတောင်းမြို့ကို ခရီးဆက်မှာဖြစ်ပြီး လက်ရှိ တိုရန်တိုလေဆိပ်အတွင်းမှာပဲရှိနေဆဲဖြစ်ပါတယ်။ လတ်တလော အပြင်ထွက်ခွင့်မရသေးဘဲ ကနေဒါလူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပေးနေပါတယ်။

ကနေဒါကို ရောက်ရှိလာတဲ့ အလှမယ်ဟန်လေးက  “အခုရောက်ပြီဆိုတော့ safe ဖြစ်တယ်လို့ခံစားရတယ်။ စိတ်ပူနေတာတွေ အခုပျောက်သွားပြီပေါ့နော်။ ဟန်လေးကတော့ ကိုယ့်မြန်မာကလူတွေနဲ့ပဲဆိုတော့ ဆုံချင်ပါတယ်။ မီဒီယာကလူတွေပဲဆိုတော့ အားတခုဖြစ်တာပေါ့နော်၊ မြင်လည်းမြင်ရတာ၊ အခုက သူတို့ဘက်က Safe တွေအပြည့်ပေးထားတာဆိုတော့ ဟန်လေးကတွေ့လို့မရတဲ့အတွက် တောင်းပန်ပါတယ်။ ဟန်လေးကို ဒီမှာကြိုဆိုစောင့်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။”လို့ စောင့်ကြိုနေတဲ့ သတင်းထောက်တွေကို Video Call နဲ့တဆင့်ပြောပါတယ်။ 

ထိုင်းဘက်ကနေ ကနေဒါမရောက်တဲ့အထိ စိတ်ပူနေတုန်းပဲ ကနေဒါရောက်တော့ အကုန်လုံးက Welcome လုပ်ကြတယ်။ သေသေချာချာလေး ညီမအတွက် စီစဉ်ပေးကြတယ်ဆိုတော့ safe ဖြစ်တယ်လို့ ခံစားရတယ်လို့ ဟန်လေးက ပြောပါတယ်။

“ အခုတော့ stress (စိတ်ဖိစီးမှု) တွေတော့လျော့သွားတယ်။ ထိုင်းမှာတုန်းကတော့  Stress က အရမ်းများနေတာ။ အခု ဒီရောက်လာတော့ အရမ်းကို ပိုပြီးတော့မှလုံခြုံတယ်လို့ခံစားရတယ်။

ဟန်လေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International 2020 ပြိုင်ပွဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နိုင်ငံတကာကသိအောင် ဖော်ထုတ်ခဲ့တဲ့ အလှမယ်တယောက် ဖြစ်ပြီး အဲဒီပြိုင်ပွဲကာလတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာပဲ ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ထိုင်းပြည်ဝင်ခွင့်ဗီဇာအတွက် ဗီယက်နမ်နိုင်ငံကို ခေတ္တသွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ပြန်အဝင်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း မြန်မာရဲတပ်ဖွဲ့ဘက်က တိုင်ကြားထားတဲ့အတွက် ပတ်စပို့ ရှိနေလျက်နဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး လတ်တလောမှာတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ရဲ့ အကူအညီနဲ့ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလှမယ်ဟန်လေးကို  စစ်ကောင်စီကတော့ သူ့ကို နိုင်ငံတော်ပုန်ကုန်မှု ၁၂၄/၁ နဲ့ အမှုဖွင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up