close

ကေအန်ယူတပ်မဟာ ၆ နယ်မြေတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးနေရ

ကရင့်အမျိုးသား အစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ (၆) နယ်မြေထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ညသန်းခေါင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ အပါအဝင် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေထဲက သေ့ဘော့ဘိုးကျေးရွာ ဘုန်းကြီးကျောင်းနဲ့  ဘလက်တို ကျေးရွာထဲက ပြည်သူပိုင် နေအိမ်တွေကို ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေပြုထားတဲ့ အကြမ်းဖက် စစ်ကောင်စီက ညသန်းခေါင်ကျော်ကနေ မနက် ၃ နာရီခွဲလောက်ထိ ၁၂၀ မမ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေ့ဘော့ဘိုး ‌ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ဘလက်တိုကျေးရွာက ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေးကေ့ကော်ဒေသမှာလည်း အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်တဲ့ ကြက်ကင်ကုန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်း လုံခြုံရေးရယူထားတဲ့ နေရာတွေကို ဒီကနေ့မနက် ၁ နာရီလောက် လေကွဲကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာတော့ တောင်နီး ကျေးရွာအနီးအခြေပြုဖို့ ကြိုးစားနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၁၀၄) ကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့က တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးတယ်လို့ စစ်မြေပြင်သတင်းအတည်ပြုချက်အရ ဖော်ပြထားပြီး ထပ်မံထိခိုက်၊ သေဆုံးမှုတွေကို ဆက်လက်အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up