close

စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲကို လက်တွေ့ကျကျတုံ့ပြန်မည်ဟု ယာယီသမ္မတပြော

စစ်ကောင်စီကပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲအပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်နေပြီး  မပျက် ပျက်အောင် ဖျက်မယ်ဆိုတဲ့အဆင့်ထက် ကျော်လွန် စဉ်းစားထားမယ်လို့  ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

ဒီနေ့လုပ်တဲ့  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ပြောတာဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုက်ပါတယ်။

“စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရထွက်ပေါက်မရှိအောင် လုပ်ထားဖို့လိုပါတယ်။ ကျနော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျတုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်”  လို့ပြောပါတယ်။

လက်ရှိအခြေအနေအရ ပြည်သူနဲ့ အမျိုးသားညီညွတ်ရေးအစိုးဘက်မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတာကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ အားလုံးပြင်ဆင်ထားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။ 

“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်/ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားဘဲ တိုက်ခိုက်နေတာကို အားလုံးလည်းသိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်” လို့ ပြောပါတယ်။

မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့၊ ပြည်သူတွေဆီအကူအညီတွေရောက်ဖို့အတွက် အစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက ပိုပိုပြီး များလာပါပြီ။ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေပါတယ်။ နိုင်ငံတကာအကူအညီတွေပေးနေပေမယ့် စစ်ကောင်စီကို ကျော်ပြီး လူထုထံအရောက် ကူညီဖို့ အကန့်အသတ်တွေ ခပ်များများတွေ့နေရပါတယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းဖို့ ကြိုးစားကြပါ” 

မြန်မာ့နွေဦးတော်လှန်ရေးဟာ မကြာခင် ၂ နှစ် ပြည့်တော့မှာဖြစ်ပြီး တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာ ညောင်းလာတတ်ပြီး အမှတ်မထင် တဆစ်ချိုး ပြောင်းလဲသွားတာမျိုးတွေဖြစ်တတ်တာကြောင့် ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ရှေ့ဆက်ကြဖို့ကိုလည်း ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up