close

ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားထံမှ သေနတ် ၃ လက်ဖမ်းမိ

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား တယောက်ထံကနေ ပြောင်းရှည်သေနတ် ၃ လက်ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေတွင်း တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေး စီမံ ချက်အရ နယ်မြေခံစစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေဟာ တိုင်ကြားချက်ရထားတဲ့ ဆဒေါင်းမြို့နယ် ဆမ်နတ်ခန်ကျေးရွာ မလေးရှားနယ်စပ်အနီး ရာဘာတောထဲက တဲတစ်လုံးကို အောက်တိုဘာ ၁၁ ရက်က သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

ဒီမတိုင်ခင်က အဆိုပါရာဘာတောထဲမှာ မြန်မာအလုပ်သမားတွေ စုရုံးနေပြီး သေနတ်နဲ့  မကြာမကြာတောပစ်ထွက်လေ့ရှိတာကြောင့် ပတ်ဝန်းကျင်ဒေသခံတွေကြား စိုးရိမ်မှုတွေရှိနေလို့ နှိမ်နင်းပေးဖို့ တိုင်ကြားထားတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

သတင်းရထားတဲ့ တဲနဲ့ အနီးတဝိုက်ကိုရှာဖွေရာမှာ ရာဘာရုံထဲမှာဝှက်ထားတဲ့ ထိုင်းနိုင်ငံလုပ် ပြောင်းရှည်သေနတ် ၃ လက်ဖမ်းဆီးရမိကြောင်း၊ တဲထဲရှိနေသူ အသက် ၂၁ နှစ်ရွယ် ချိုအေးဆိုသူ မြန်မာအမျိုးသမီးက အဆိုပါသေနတ်တွေဟာ သူ့ခင်ပွန်းရဲ့ သေနတ်ဖြစ်ပြီး ခင်ပွန်းကတော့ ဒီမတိုင်ကတည်းက တောထဲဝင်ပြီးထွက်ပြေး လွတ်မြောက်သွားပြီလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ချိုအေးကို သေနတ်တွေနဲ့အတူ ဖမ်းဆီးထားသလို တဲထဲမှာတွေ့ရှိတဲ့ အသက် ၂၁ နှစ်ရွယ် စောမေထွန်းဆိုသူ မြန်မာအမျိုးသမီး တယောက်ကိုလည်း ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက် လုပ်ကိုင်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မူကြိုကျောင်းပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်ကိုင်ဆောင်မှုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို ပိုမိုတင်းကျပ် စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Ref- MGR Online

Photo- Bangkok Post

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up