ဗင်နီဇွဲလားတွင် ရေကြီးမှုကြောင့် သေဆုံး၊ ပျောက်ဆုံးသူအရေအတွက် တိုးလာ

ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်း၊ အာရဂွာပြည်နယ်၊ လာစ်တယ်ဂျာရစ်မြို့မှာ အောက်တိုဘာ ၁၀ ရက်က မြို့တွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူဦးရေ တိုးလာနေပါတယ်။
အောက်တိုဘာ ၁၁ ရက်က ဗင်နီဇွဲလားပြည်သူ ရာနဲ့ချီပြီး သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေကို မြို့လမ်းမတွေမှာ ရှာဖွေနေကြသလို သူတို့ခိုလှုံနေထိုင်ရမယ့် နေရာတွေကိုလည်း လိုက်ရှာနေကြပါတယ်။
ဗင်နီဇွဲလား ဒုသမ္မတဒယ်လ်စီ ရိုဒရီဂွက်ဇ်က ကပ်ဘေးကြောင့် လူပေါင်း ၄၃ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
သမ္မတ နီကိုးလပ်စ် မာဒူရိုဟာ အစောပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့ကြောင်းနဲ့ လူ ၅၆ ယောက်လောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြို့တော် ကာရာကတ်စ်ရဲ့ အနောက်တောင်ဘက် ၄၂ မိုင် အကွာမှာ လူပေါင်း ၇၃,၀၀၀ ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ ဆဲလ်ဖုန်းလိုင်းတွေ ပြန်ရခဲ့ပေမဲ့ သောက်သုံးရေတော့ မရရှိသေးကြောင်း မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံ အရာဂူရာပြည်နယ်ရှိ မြို့ထဲမှာ ရေကြီးပြီး ရေနဲ့အတူ ရွှံ့တွေ၊ ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ တခြားအပျက်အစီးတွေ ပါဝင်လာပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
လာစ်တယ်ဂျာရစ်မြို့ကို ရောက်ရှိလာတဲ့ အစိုးရတာဝန်ရှိသူတွေဟာ ထိခိုက်ပျက်စီးနေတဲ့ အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပြန်လည်ထူထောင်ပေးဖို့ ကတိပြုခဲ့ပါတယ်။
နေအိမ်ပေါင်း ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။