close

ထားဝယ်တန်ဆောင်တိုင်ပွဲတော် အကျဉ်းချုံးပြီး ပြန်ကျင်းပမည်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှစ်စဉ် ဦးဆောင်ကျင်းပပြီး ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီပွဲကို အခုနှစ်မှာ ပြန်လည်ပြုလုပ်မယ်လို့ ဂေါပကအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ကျင်းပမှာကတော့ ဗုဒ္ဓပူဇနိယပွဲသက်သက်ပေါ့။ နေ့လယ်တရားပွဲက ၃ ရက်နဲ့ အပူဇော်ခံတဲ့ ၃ ရက်မှာ မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဓမ္မာရုံမှာ အပူဇော်ခံမယ်။ မြို့ထဲလှည့်လည်တာတွေ မပါတော့ဘူး၊ အကျဉ်းရုံးပေါ့။ ရပ်ကွက်အဖွဲ့တွေက ဆန္ဒရှိရင် အပူဇော်ခံပွဲရက် မတိုင်ခင်မှာ ရပ်ကွက်ထဲ ဘုရားတွေပင့်လို့ရအောင် လုပ်ပေးထားတယ်။”

ထားဝယ်တန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာပြည်အောက်ပိုင်း တန်ဆောင်တိုင်ပွဲတော်တွေ ထဲမှာ ကျော်ကြားတဲ့ပွဲတော်တခုပြီး ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရကာ အခုနှစ်မှာ ၁၁၁ ကြိမ်မြောက်အနေနဲ့အကျဉ်းချုံးပြီး ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆိုရင် ထားဝယ်တန်ဆောင်တိုင်ပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ကတည်းကနေ ဘုရားရုပ်ပွားတော်တွေပင့်ပြီး လနဲ့ချီကြာ ကျင်းပတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဘုရားရုပ်ပွားတော်တွေကို ထားဝယ်မြို့ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေက ပင့်ဆောင်ကာ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမှာ ညလုံးပေါက် ထားဝယ်မြို့အတွင်း လှည့်လည်ကျင်းပတာဖြစ်ပြီး ဘုရားဖူးပရိသတ် သောင်းဂဏန်းနဲ့ချီ ပါဝင်ဆင်နွှဲတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

ထားဝယ်တန်ဆောင်တိုင်ကို ၈၈ အရေးခင်းကာလတုန်းကလည်း ညမထွက်ရအမိန့်ကြောင့် နေ့ခင်းဘက် လှည့်လည်ခဲ့ရတာမျိုး ရှိတယ်လို့ သိရပါတယ်။

ထားဝယ်ဒေသမှာ ထားဝယ်မြို့အပြင် တခြားမြို့နဲ့ ကျေးရွာတွေမှာလည်း တန်ဆောင်တိုင်ကာလ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတွေ ကျင်းပလေ့ရှိပြီး ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် မကျင်းပဖြစ်တာ ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up