ဇာပိုရစ်ချ်ဇီယာ နျူဓာတ်အားပေးစက်ရုံကို စစ်ရေးကင်းစင်နယ်မြေသတ်မှတ်ရန် ကုလ တောင်းဆို

ရုရှားသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံကို အပြည့်အဝ စစ်ရေးကင်းစင်နယ်မြေအဖြစ်သတ်မှတ်ဖို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်တွေကို မော်စကိုအနေနဲ့ လိုက်နာဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။
“ရုရှားဟာ သူ့ရဲ့ စစ်လက်နက်ပစ္စည်းတွေကိုသာမက သူ့ရဲ့ တိုက်ခိုက်ရေးသမား အားလုံးကိုလည်း ဖယ်ရှားပေးရမယ်” လို့ ဇလန်းစကီးက ပြောလိုက်ပါတယ်။
ဇလန်းစကီးဟာ ဥရောပရဲ့ ထိပ်တန်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပကောင်စီရဲ့ ပါလီမန်ညီလာခံကို ရုပ်သံမိန့်ခွန်း ပြောကြားရင်း မှတ်ချက်ပေးလိုက်တာပါ။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖဲလ်ဂရော့စ်စီဟာ မကြာသေးမီ ရက်ပိုင်းအတွင်းက ကိယက်ဗ်နဲ့ စိန့်ပီတာစဘတ်တို့ကို သွားရောက်ခဲ့ပြီး စစ်မဲ့ဇုန်အဖြစ် သဘောတူညီမှုရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။
သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံအပြီးမှာ ဂရော့စ်စီက ဆွေးနွေးပွဲတွေဆက်လုပ်ဖို့ ကိယက်ဗ်ကို ပြန်သွားနေကြောင်း ပြောကြားခဲ့ပါတယ်။