close

ပုဏ္ဏားကျွန်းမြို့တွင် ပရဟိတ ဘုန်းကြီး တပါးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက ပရဟိတ ဘုန်းကြီး တပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက အင်အား ၃၀ ကျော်လောက်ဟာ ဒီနေ့ မနက် ၉နာရီ ၂၅ မိနစ်က ရဲတွေနဲ့ပေါင်းပြီး ရဲစခန်းရှေ့မှာ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံ တယောက်က ပြောပါတယ်။

“ပရဟိတကိုယ်တော် သဘာဝနဒီကို ရွာဟောင်းရပ်ကွက်မှာတွေလို့ ကျနော်နဲ့တောင် စကားနည်းနည်းပြောခဲ့သေးတယ်၊ ရဲစခန်းဘက်ကို ထွက်သွားလို့ မနက် ၁၀ နာရီကျော်လောက်မှာ အဲဒီ ကိုယ်တော်စီးလာတဲ့ ကား တားဆီးစစ်ဆေးခံရပြီး ရဲစခန်းထဲကို ခေါ်သွားတာ မွန်းလွဲ ၁ နာရီခွဲတဲ့ အထိ ပြန်မလွတ်သေးဘူး။”

အဲဒီကိုယ်တော်ဟာ မြောက်ဦးမြို့ မြတန်​ဆောင်ကျောင်းတိုက်မှာ သတင်းသုံးတယ်လို့ သိရပြီး ရခိုင်ပြည်နယ်အနှံမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထောက်ပံ့ လှူးဒါန်းပေးနေတယ်လို့ သိရပါတယ်။

ကိုယ်တော် သဘာဝနဒီကို ကားအမှုနဲ့ ဖမ်းတာလား၊ တခြားအမှုနဲ့ ဖမ်းတာလားဆိုတာကို အတိကျ မသိရသေးလို့ အနီးကပ် စောင့်ကြည့် စုံစမ်းနေတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ နေ့စဥ်နီးပါး ကားတွေ ဆိုင်ကယ်တွေကို ပိတ်ဆို့ စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို သိမ်းဆည်းနေသလို လိုင်စင်ပါတဲ့ ကားတွေဆီကပါ ငွေညှစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး  လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ  ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up