close

စစ်တပ်ဖမ်းဆီးခဲ့သည့် မောင်တောမြို့ သာယာကုန်းကျေးရွာတာဝန်ခံ ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီကားတစီး ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တောင်ပြိုဗျူဟာစစ်ကြောရေးကို ခေါ်ယူစစ်ဆေးဖမ်းဆီးထားတဲ့ သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းဟာ ပျောက်ဆုံးနေပြီး ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဇနီးဖြစ်သူက အတည်ပြုပြောပါတယ်။

ဇနီးဖြစ်သူ ဒေါ်မြသိန်က “တောင်ပြိုကို ခေါ်ယူသွားတဲ့နေကတည်းက သင်္ဘောလှ အုပ်ချုပ်ရေးမှူးသာ ပြန်ရောက်လာတယ်။ ကျမအိမ်ရှင် ဒီနေ့အထိ ပြန်မရောက်သေးဘူး။ ကြိမ်ချောင်းနဲ့ တရိမ်း အုပ်ချုပ်ရေးမှူးတွေကို အမှုဖွင့် ရုံးထုတ်ရာမှာလည်း မပါဘူး။ တောက်ပြိုဗျူဟာကို သွားမေးတယ်။ မရှိဘူးလို့ပြောတယ်။ ကြိမ်ချောင်းစခန်းသွားမေးလည်း မရှိဘူးလို့ပြောတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ပျောက်ဆုံးနေတဲ့ သာယာကုန်းကျေးရွာ တာဝန်ခံ ဦးမောင်ဘသိန်းဟာ အသက် ၃၄ နှစ်ရှိပြီး ခြေတဖက် မသန်ကြောင်း ဆိုပါတယ်။

သင်္ဘောလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်စိန်ထွန်နဲ့ သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းတို့ ၂ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က စစ်ဆေးဖို့ရှိတယ်ဆိုပြီး တောင်ပြိုဗျူဟာက ခေါ်တဲ့အတွက် ၂ ယောက် အတူသွားရောက်ခဲ့ကြရာ သင်္ဘောလှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်စိန်ထွန် ပြန်လွှတ်ခဲ့ပြီး သာယာကုန်းကျေးရွာတာဝန်ခံ ဦးမောင်ဘသိန်းကိုတော့ ဖမ်းဆီးထားတာပါ။

ဒေါ်မြသိန်က “သူက ထွက်ပြေးနိုင်တဲ့ အနေအထား မရှိပါ။ ခြေတဖက် မသန်စွမ်းပါ။ စစ်ဆေးရာမှာ လက်လွန်ပြီး သေသွားတာလား မသိဘူး။ သေသွားရင်လည်း မိသားစုကို အကြောင်းကြားရမှာပါ။ အမှုဖွင့် ရုံးထုတ်တဲ့အထဲမှာလည်း မပါဘူး။ ကျမတို့ ဘာဆက်လုပ်ရမလည်း မသိတော့ပါဘူး” လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်က စစ်ကောင်စီ ကားတစီးကို အေအေက မိုင်းခွဲတိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုကိုအောင် (ခ) ဘုန်းကံနိုင်၊ တရိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း (ခ) ဇာလီ၊ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးထွန်ရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ဟာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up