close

မြင်းမူတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်နဲ့ ထီးဆောင်းရွာကြားမှာ ဒီနေ့ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်က လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို Zero ပြောက်ကျားတပ်ဖွဲ့က ဒရုန်းအသုံးပြု တိုက်ခိုက်ခံရတာတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်နဲ့ ထီးဆောင်းရွာကြားက အောင်သမာဓိ စက်သုံးဆီဆိုင်အနီးမှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီတွေ ရောက်လာပြီး သိပ်မကြာဘူး၊ ပထမ အုန်းဆိုပြီး အသံကြားလိုက်ရတယ်။ အဲဒီလို ကြားလို့ အသံကြားရာ ကြည့်လိုက်တဲ့အချိန် နောက်ထပ်တလုံး ထပ်ကျပေါက်ကွဲတယ်။ စစ်သားတွေကတော့ လဲသူက လဲ၊ ပြေးသူက ပြေးတာ မြင်လိုက်ရတယ်။ ကျနော်လည်း လုံခြုံရေးအရ စောင့်မကြည့်ရဲဘဲ ဆိုင်ကယ်ဆီဖြည့်ရကာနေ ထွက်လာခဲ့တယ်ဗျ။” 

ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ တရက်တည်းတင် ဒရုန်းနဲ့ ‌ နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

“မုံရွာကနေ စစ်ကိုင်းဘက်ကို စစ်ကောင်စီလူကြီး ခရီးစဥ်ရှိလို လုံခြုံရေးယူ ကင်းပုန်းဝပ်တဲ့ စခတွေကို ဒရုန်းအသုံးပြု ၂ ကြိမ်၊ စစ်ကိုင်းခရိုင် ပခဖကနေ ထုတ်လုပ်တဲ့ ဗုံးသီးတွေနဲ့ ကျနော်တို့ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ပထမက မြင်းမူအရှေ့ဘက်မှာရှိတဲ့ နေပူကန်ဘုရားအနီးမှာ ကင်းပုန်းဝပ်တဲ့ စခတွေကို ပထမအကြိမ် တိုက်ခိုက်ခဲ့တယ်ဗျ။ အဲဒီအကြိမ်ကတော့ စစ်ခွေး အသေအတိကျမသိရဘူး။ နောက်တကြိမ်က မြင်းမူမြို့နဲ့ ထီးဆောင်းကြားက အောင်သမာဓိ ဆီဆိုင်အနီးမှာ တကြိမ်၊ ဒရုန်းပေါ်ကနေ မိုင်း ၂ လုံးချ တိုက်ခိုက်ခဲ့တယ်။ အဲဒီအကြိမ်ကတော့ မြေပြင်မှာ စစ်ခွေး ၉ ယောက်အုပ်စု အလယ်တည့်တည့်ကို ချနိုင်ခဲ့တယ်။ အဲဒီအကြိမ်မှာကတော့ စစ် (-) ၄ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရ ၅ ယောက်ထဲက တယောက်ကတော့ မျက်လုံးတွေ ထိခိုက်ပြီး ဒဏ်ရာပြင်းထန်သွားတယ်လို့ မြင်းမူမြို့ပေါ်ကနေ ကျနော့်ဆီ ပြန်သတင်းပို့ထားတယ်။‌ သေဆုံး၊ ဒဏ်ရာရ စစ်ခွေးတွေကို မြင်းမူ မြသုခ နာရေးကူညီမှုအသင်းကား သွားရောက်သယ်ယူတာတွေ လုပ်ဆောင်တယ် ကျနော်တို့ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူး။” 

သေဆုံးစာရင်းကို စစ်ကောင်စီဘက်က သတင်းထုတ်လေ့မရှိတာကြောင့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြင်းမူမြို့ပေါ်မှာလည်း အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အခုလို စစ်‌ကောင်စီ‌တပ်ဖွဲ့ကို ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up