close

ပေါက်မြို့နယ် သစ်ညီနောင်ရွာမှ ကျောင်းဆရာတဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သစ်ညီနောင်ကျေးရွာမှာ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက သစ်ညီနောင်ကျေးရွာက ဘော်ဒါအုပ် ကျောင်းဆရာ တယောက်ကို စစ်ကောင်စီစစ်ကြောင်းက ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် သစ်ညီနောင်ရွာက ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးစောထွန်းမိုးကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ် နဲ့ ပျူ စောထီးအင်အား ၈၀ လောက်က ဖမ်းခေါ်သွားပြီး သစ်ညီနောင်နဲ့ တောင်မြင့်ရွာကြားမှာ ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့ကြတာလို့ သစ်ညီနောင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဦးစောထွန်းမိုးကို စစ်သားတွေ ခြေတွေ၊ လက်တွေ၊ ဦးခေါင်းတွေကို ဖြတ်တောက် သတ်ဖြတ်ကာ တဲတော်ယာရွာက စာသင်ကျောင်းထဲမှာ ချိတ်ဆွဲထားခဲ့ကြတာလို့ ဆိုပါတယ်။

တောင်မြင့်ရွာစာသင်ကျောင်းကိုလည်း အောက်တိုဘာလ ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ခဲ့ကြပြီး ရွာစဥ်ပတ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ သောင်းကျန်းနေကြတာလို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁ ရက်နေ့ကတည်းက ပေါက်မြို့နယ်ထဲကို စတင်ဝင်ရောက်လာပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေ၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးပြီး စစ်ဘေးရှောင်တဲတွေနဲ့ စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

စစ်တပ် စစ်ကြောင်းထိုးနေလို့ လတ်တလော ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူ အရေအတွက် ၆,၀၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အအကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up