close

တရုတ်နိုင်ငံတွင် နာမည်ကြီး ကုန်အမှတ်တံဆိပ် တပတ်ရစ်ပစ္စည်းများ ရောင်းကောင်းနေ

တရုတ်နိုင်ငံမှာ စီးပွားရေး နှေးကွေးနေချိန်အတွင်း ဇိမ်ခံပစ္စည်းတွေကို လိုချင်တဲ့ အာသာ ပြေပျောက်စေဖို့ ဖန်ဒီနဲ့ လူဝီဗီသွန် (LV) တို့လို့ နာမည်ကြီး ကုန်အမှတ်တံဆိပ် တပတ်ရစ် ပစ္စည်းတွေကို သိမ်းကျုံး ဝယ်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းရဲ့မြို့လယ် ဆိုင်ခန်းတွေက စင်တွေပေါ်မှာ မျက်မှန်းတန်းမိပြီး မြင်သာထင်သာရှိအောင် လက်ကိုင်အိတ်တွေ၊ ရှူးဖိနပ်တွေနဲ့ အဆင်တန်ဆာ ပစ္စည်းတွေကို အဆင်သင့် ခင်းကျင်း ထားပါတယ်။

ဒီဆိုင်တွေဟာ တပတ်နွမ်း ဇိမ်ခံကုန်စည်တွေအတွက် ကုန်လှောင်ရုံနဲ့ ဆိုင်ခန်းတွဲထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

မနှစ်က နောက်ဆုံးပေါ် ဇိမ်ခံအိတ်တွေကိုရှာဖို့ ရှန်ဟိုင်းမှာ လူဝီဗီသွန်နဲ့ ဂူချီတို့လို ကုန်အမှတ်တံဆိပ်ဆိုင်တွေမှာ စျေးဝယ်ခရီးအတွင်း လူတွေ တန်းစီ စောင့်ဆိုင်းနေခဲ့တာပါ၊ ခုရက်တွေမှာတော့ စီးပွားရေး အခြေအနေကြောင့် သုံးပြီးသား ကုန်စည်တွေကို ဝယ်ဖို့ ရုံးဝန်ထမ်းတွေက ရှာနေပါတယ်။ 

“ဒီနှစ်အတွက် အသုံးအစွဲတွေ သေချာပေါက် လျှော့ရမယ်။ ဒါပေမဲ့ ကျမကြိုက်တာတွေကိုတော့ ကြိုက်နေတုန်းပဲ။ ဝယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘူး”လို့  ဝမ်ကျားနင်က ပြောပါတယ်။ 

ZZER ဆိုင်တွေဟာ ၂၀၁၆ မှာ အွန်လိုင်းပေါ်ကနေ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် မနှစ်က စပြီး ရှန်ဟိုင်းနဲ့ ချန်ဒူမြို့တွေမှာ တကယ့်ဆိုင်တွေအဖြစ် စတင် ဖွင့်လှစ်ခဲ့ပါတယ်။ 

အခုတော့ ပေကျင်း၊ ကွမ်ကျိုးနဲ့ ရှန်းကျန်း မြို့တွေမှာပါ ဆိုင်ခွဲတွေ တိုးမြှင့် ဖွင့်လှစ် နေပါပြီ။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့နေလို့ စီးပွားရေး နှေးကွေးလာတဲ့အတွက် ကုမ္ပဏီ တည်ထောင်သူ ကျူးထျန်းချီက ခုတော့ သူ့ စီးပွားရေး တိုးချဲ့ဖို့ ဆိုင်ခန်းနေရာ တွေကို ကင်းထောက် ရှာဖွေ နေပါပြီ။

လူတွေက သူတို့ရဲ့ ဟားမက်စ် ဘာကင် လက်ကိုင်အိတ်တွေ၊ ရိုးလက်စ်နာရီတွေကို ရောင်းဖို့ ကြိုးစားနေသလို စျေးဝယ်သူတွေကလည်း တပတ်ရစ် ပစ္စည်းတွေကို ဝယ်ဖို့ စိတ်ဝင်စားမှု တိုးလာနေပါတယ်။

ဇိမ်ခံ တပတ်ရစ်ပစ္စည်း ရောင်းချရေး လုပ်ငန်းရှင် ကျူးထျန်းချီက “စီးပွားရေး နှေးကွေးတာဟာ ကျတော်တို့ လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု တကယ်ရှိတယ်။ တဖက်မှာ လုပ်ငန်းလွှဲအပ်သူတွေဘက်ကနေ ကြည့်ရင် ဘာကြောင့် အိမ်မှာ ထိုင်နေရင်း ဇိမ်ခံပစ္စည်းတွေ မရောင်းရမှာလဲ လို့ တွေးလာမယ်”လို့ ပြောပါတယ်။

မနှစ်ကနဲ့ စာရင် ၂၀၂၂ ခုနှစ်မှာ ဇိမ်ခံပစ္စည်းတွေ စျေးချရောင်းသူ ဦးရေ ၄၀ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ကျူးက ပြောပါတယ်။

အခုတော့ ဒီစျေးကွက်ထဲမှာ အဖွဲ့ဝင် ဦးရေ ၁၂ သန်းရှိပြီး ရောင်းဖို့ တပတ်ရစ် ဇိမ်ခံပစ္စည်း အရေအတွက် ၅ သန်းလောက် ရှိတယ်လို့ ခန့်မှန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ခြုံငုံပြောရရင်တော့ တရုတ်ရဲ့ တန်ဖိုးကြီးဈေးကွက်က ပြန်ရောင်းတာပဲဖြစ်ဖြစ် ဇိမ်ခံပစ္စည်းအသစ်ပဲဖြစ်ဖြစ် ကြီးထွားလာဖို့ မျှော်လင့်ထားဆဲပါ၊ လူလတ်တန်းစား၊ ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေဟာ သူတို့ရဲ့ မုန့်ဖိုး အခြေအနေကြောင့် ဇိမ်ခံပစ္စည်းအသစ်တွေကို မ၀ယ်နိုင်သေးဘူးလို့ပဲ ပြောချင်ပါတယ်။

တရုတ်ရဲ့ အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံတန် ဇိမ်ခံပစ္စည်း စျေးကွက်အတွင်း သိသာတဲ့ အပြောင်းအလဲကို ဒီခေတ်ရေစီးကြောင်းက ညွှန်ပြ ထားတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။

အသစ်ကြိုက်တာနဲ့ အတုဝယ်မိမှာ ကြောက်တာတွေကြောင့် ဂျပန်နဲ့ အမေရိကန် စျေးကွက်တို့လို တခြား စျေးကွက်တွေနဲ့ စာရင် တရုတ် တပတ်ရစ် ဇိမ်ခံပစ္စည်း စျေးကွက်က နှေးကွေးနေသေးတယ်လို့လဲ သုံးသပ် ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up