မန်ယူနည်းပြဟောင်းမိုက်ကယ်ကာရစ် မစ်ဒယ်ဘရော့အသင်းကိုတာဝန်ယူရန် သဘောတူ

မန်ယူအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်ခဲ့ဖူးသူ မိုက်ကယ်ကာရစ်ဟာ မစ်ဒယ်ဘရော့အသင်းကို တာဝန်ယူကိုင်တွယ်တော့မှာပါ။
မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီးနောက် ကာရစ်ကိုယာယီနည်းပြချုပ်အနေနဲ့ သုံးပွဲကိုင်တွယ်စေခဲ့တာပါ။ အဲဒီနောက် နည်းပြရက်ဖ်ရင်းနစ်ခ်တာဝန်ယူချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ နည်းပြခရစ္စဝဲလ်ဒါကို ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ထုတ်ပယ်ခဲ့ပြီး နည်းပြလီယိုပါကိုဗစ်ချ်က ယာယီနည်းပြအနေနဲ့ တာဝန်ယူလာခဲ့တာပါ။
ချန်ပီယံရှစ်ပွဲစဉ် ၁၅ ကစားအပြီးမှာ ၄ ပွဲနိုင် ၄ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့တဲ့ မစ်ဒယ်ဘရော့ဟာ အဆင့်၂၀ မှာရပ်တည်နေတာပါ။
ကာရစ်ဟာ မန်ယူအသင်းမှာလက်တွဲခဲ့တဲ့ နည်းပြ မိုက်ဖီလန်နဲ့ မူလန်စတင်း တို့ကို သူ့ရဲ့နည်းပြအဖွဲ့မှာပါဝင်ဖို့ ဆန္ဒရှိနေပြီး မကြာခင်မှာတရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။