ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ တာဝန်ထမ်းဆောင်ပြီး ၄၅ ရက်အကြာမှာ ရာထူးကနေ နုတ်ထွက်ကြောင်းကြေညာလိုက်ပြီး ယူကေသမိုင်းမှာ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဝန်ကြီးချုပ်တာဝန်ကရော ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်တာဝန်ကနေပါ နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၀ ရက်နေ့မှာ လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးရှေ့မှာ ကြေညာသွားတာဖြစ်ပြီး အပ်နှင်းထားတဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ခြင်းတော့လို့ ရာထူးက နုတ်ထွက်ရတာလို့ ပြောကြားသွားပါတယ်။
လစ်ဇ်ထရပ်စ်နုတ်ထွက်သွားတဲ့အတွက် ပါတီခေါင်းဆောင်သစ်နဲ့ ဝန်ကြီးချုပ်သစ်ကို ပါလီမန်လွှတ်တော်အမတ် ၁၀၀ လောက်က လာမယ့်တနင်္လာနေ့မှာ ရွေးချယ်ရမှာဖြစ်ပြီး ပြိုင်ဘက် ၂ ယောက်ရှိတယ်ဆိုရင်တော့ ပါတီဝင်တွေက ထပ်မံဆန္ဒမဲပေးကြရဖို့ရှိပြီး လာမယ့် သောကြာနေ့လောက်မှာ အနိုင်ရသူကို ရွေးချယ်ရဖို့ရှိပါတယ်။
ဝန်ကြီးချုပ်လောင်းတွေအဖြစ် ရေပန်းစားနေတဲ့ ရစ်ရှိဆူနတ်ခ်နဲ့ ပန်နီမော်ဒွန့်တို့ ယှဉ်ပြိုင်အရွေးချယ်ခံကြဖို့ရှိပြီး ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကတော့ သူထပ်ပြီး ဝင်ပြိုင်အရွေးခံဖို့ကိစ္စ အတည်မပြုသလို ငြင်းဆန်တာလည်း မလုပ်သေးပါဘူး။
ဗြိတိန်ဘုရင်မကြီးအဲလိဇဘက် မကွယ်လွန်ခင် စက်တင်ဘာ ၆ ရက်ကမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ မာရီအဲလိဇဘက်လစ်ဇ်ထရပ်စ်ဟာ နိုင်ငံမှာကြုံတွေ့နေရတဲ့ စွမ်းအင်ကုန်ကျစရိတ် မြင့်တက်နေတဲ့ ပြဿနာ၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေတဲ့ ပြဿနာတွေအပြင် ကမ္ဘာ့မှာလည်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုပြဿနာ၊ ကိုဗစ်-၁၉ ကပ်ရောဂါပြဿနာတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတာပါ။
လစ်ဇ်ထရပ်စ်တာဝန်ယူတဲ့အချိန်မှာလည်း ယူကေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့ပြီး ဗြိတိသျှငွေကြေး စတာလင်ပေါင်ဟာလည်း အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ တန်ဖိုးအနိမ့်ဆုံးကျဆင်းခဲ့သလို ငွေကြေးဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လူနေမှုစရိတ်တွေ ကြီးမြင့်မှုပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။
သူ့ရဲ့အစိုးရအဖွဲ့ထဲက ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ကွာစိကွာတန်ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဆူအာလယ် ဘရေဗာမန်ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
လစ်ဇ်ထရပ်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရခင်က နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တည်းက အမျိုးသမီးရေးနဲ့ တန်းတူညီမျှရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။