close

မတ္တရာတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ နွားထိုးကြီး၌ စစ်တပ်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ရွာတွေကိုမီးရှို့ပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၂၃ ရက် ဒီမနက် ၇ နာရီက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဇီးဖြူပင်ကျေးရွာရှိ ပြည်သူပိုင် သစ်တောရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန်မှာ အဆင်သင့်ထောင်ထားတဲ့ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY PDF(Mongoose Squadron)တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီအရာရှိ ၂ ယောက်အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ရက်ပိုင်း ကျောက်ဆည်လေးကျေးရွာနေ ပြည်သူ နှစ်ယောက်နဲ့ ဝန်ထမ်း တယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို  ဇီးဖြူပင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာလည်း  နွားထိုးကြီး-တောင်သာ ကားလမ်းဘေးက ရွှေကြာအင်းကျေးရွာမှာ ဂိတ်ဖွင့်စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အောက်တိုဘာ ၁၉ ရက် ညနေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ညနေ ၃ နာရီလောက်က ဗုံးပေါက်ကွဲသံကြားတာ။ ရွာရှေ့ကစစ်‌ဆေးရေးဂိတ်မှာဖြစ်တာ။ ဗုံးပေါက်ပြီး လုံခြုံရေးစစ်သားတွေ ပြေးကြတာတော့တွေ့တယ်။ အသေအပျောက်တော့ မကြားမိဘူး”လို့ ရွာသားတယောက်က ပြောပါတယ်။

ရွှေကြာအင်းဂိတ်တိုက်ခိုက်မှုကို Natogyi People Defence Force(NPDF)က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်မှာ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းသုံးပြီးတိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်စွဲရာနေရာတွေမှာ မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အောက်တိုဘာ ၁၂ ရက်က  ဇေဒိပ်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊   အောက်တိုဘာ ၁၃ ရက်က မြစ်သားမြို့နယ်ထဲရှိ ရစ်ကန်ကျေးရွာက စစ်ကောင်စီလုံခြုံရေးအဖွဲ့ကို တကြိမ်၊ အောက်တိုဘာ ၁၆ ရက်မှာ ပြင်စည်‌ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တကြိမ် ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  NPDF အဖွဲ့ ကထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up